30 Aug 2011

ရောင်စုံသက်တန့်ဆီသို့...



(၁)

ကြယ်စင် ယခုလထုတ် စာစောင်ကို ကောက်ကိုင်လိုက်သည်။စာစောင် ပေါ်မှ မျက်နှာဖုံးရှင် မော်ဒယ်လ်လေးက မြင်ဖူးနေကျ မျက်နှာလို တရင်းတနှီး ဖြစ်နေသည်။ သေချာအောင် မျက်မှန်ကိုပင့်ကာ ကြယ်စင် ပြူးပြီး တစ်ခေါက်ကြည့်လိုက်သည်။ အလို သူမ မှ သူမပါလား။ ဘေးနားမှ ပါလာသော သူငယ်ချင်းက အနားတိုးလာပြီး မျက်နှာဖုံးရှင်က ဘယ်လောက်ချစ်စရာကောင်းကြောင်း လှကြောင်း ချီးမွမ်းခန်းတွေ ဖွင့်တော့သည်။သူငယ်ချင်းကို ကြယ်စင်က “အဲဒါ ငါ့သူငယ်ချင်းလေ” ပြောလိုက်တော့ သူငယ်ချင်းက ကြယ်စင့်ကို မျက်စောင်းထိုးကြည့်ပြီး ရယ်သည်။ ဘယ်လို သဘောလဲလို့ ဝေဝေခွဲခွဲမသိပေမယ့် ကြယ်စင် အထူးတလည်ဖြေရှင်းမနေတော့။

ဈေးထဲ ပတ်ပြီး ဝယ်ခြမ်းအပြီးမှာတော့ သူငယ်ချင်းက “ဒီနေ့ သွန်းရတနာ ကား မြဝတီမှာ ပြမှာ သိလား ကြည့်ဖြစ်အောင်ကြည့်လိုက် ရုံးတင်ပြီးသားကား ကောင်းတယ်လို့် ပြောကြတယ်” ဟု သတိတရနဲ့ ကြယ်စင်ကို ပြောလာသည်။ တီဗွီတွေ ဘာတွေ ကြည့်ရန် ဝါသနာမပါသော ကြယ်စင်တစ်ယောက် ယခုတစ်ခေါက်တော့ (၇) နာရီအမီ တီဗွီရှေ့ရောက်သွားသည်။ ယခင်က ယခုလိုအချိန်ဆို အပေါ်ထပ်ကိုယ့်အခန်းထဲမှာပဲ စာအုပ်လေးနဲ့ ငြိမ့်နေတတ်သည်ကိုး။ အိမ်သားတွေကတော့ အံ့သြသလို ကြယ်စင်ကို ကြည့်နေကြသည်။ မသိချင်ယောင်ပင် ဆောင်နေလိုက်သည်။

(၇) နာရီထိုးခါနီးတော့ တစ်အိမ်သားလုံးလိုလို ဧည့်ခန်းထဲကို စုရောက်လာကြသည်။ ယခင်ကလည်း ထိုအတိုင်းပဲလား ဒီနေ့မှ သွန်းရတနာကားကြောင့် ဒီလို စုရောက်လာတာလား ကြယ်စင် ပေါက်ပေါက်ရှာရှာတွေးလိုက်သည်။ ဟော ဇာတ်လမ်းစ ပြပါပြီ။  ဟယ်… သူမကို မြင်တော့ ကြယ်စင် အာမေဍ္ဍိတ်သံတိုးတိုးလေးထွက်မိသည်။ သူမပါတဲ့ ဇာတ်ဝင်ခန်းတွေ ရောက်တိုင်း ကြယ်စင် ရင်တလှပ်လှပ် ခုန်မိသည်။ သူမက အရမ်းကို လှပြီး ယုံကြည်မှုရှိလွန်းသည်။ ဇာတ်ကွက်တိုင်းမှာ အပိုအလိုမရှိ လှလှပပလေး သရုပ်ဆောင်တတ်လှသည်။ ဇာတ်လမ်းတစ်ခုလုံးကို ကြယ်စင် စိတ်ဝင်စားစွာ စောင့်ကြည့်မိသည်။ သွန်းရတနာ ဟာ တစ်ချိန်က ကြယ်စင် သိခဲ့ဖူးသော ဝတ်မှုန်ဆိုသော ကောင်မလေးဟု ဆိုလျှင် အားလုံးက ကြယ်စင်ကို ရယ်ပါလိမ့်မည်။   

(၂)

“ကြယ်စင် ကြီးလာရင် နင်ဘာလုပ်မှာလဲဟင”် လေသံတိုးတိုးလေးနဲ့ ဝတ်မှုန်ဆိုသော ကောင်မလေးက မပွင့်တပွင့်မေးသည်။
“အင်း..ငါကြီးလာရင်လား ဆရာဝန်မကြီး လုပ်မှာပေါ့ နင်ရော”
“ငါလား ကြီးလာရင်လေ…မရယ်နဲ့နော်…မင်းသမီး ဖြစ်ချင်တာ…ဘယ်သူ့မှ မပြောကြေး”
မရယ်နဲ့လို့ ပြောထားသည့်ကြားမှ ကြယ်စင် ရယ်မိသည်။ မှုန်မှုန်ကုပ်ကုပ် မျက်မှန်ထူထူ ခါးကိုင်းကိုင်း ကြောက်တတ်ရှက်တတ်သော ဝတ်မှုန်က မင်းသမီး ဖြစ်ချင်သည်ဆိုတော့ ရယ်စရာကောင်းနေသည်။ ဝတ်မှုန် မျက်နှာလေးနီရဲပြီး နှုတ်ခမ်းစူသွားသည်။ ကြယ်စင်လည်း ကပျာကယာဖြင့်
“ငါလည်းလေ…အမှန်က အဆိုတော် ဖြစ်ချင်တာ ဆရာဝန်မကြီးတော့ သိပ်မဖြစ်ချင်ဘူး ငါတို့ ပုံတွေနဲ့တော့ ဖြစ်အုံးမယ် ဟက်ဟက်” ဟု လေသံတိုးတိုးလေးနဲ့ ကြယ်စင် ဝန်ခံမိသည်။ ပြီးတော့ တိုက်ထားသည့်အတိုင်း နှစ်ယောက်သား သက်ပြင်း ပြိုင်တူချမိသည်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်လိုက်သည်။

မုန့်စားဆင်းတန်းသွားတိုင်း ဝတ်မှုန်က ကြယ်စင့်ကို သူမအား သေသေချာချာကြည့်ပေးဖို့ ပြောတတ်သည်။ “သူမ ဆံပင်တွေများပွနေလား အကျီများ ကို့ယို့ကားယားဖြစ်နေသလား…ထမီများ မညီမညာဖြစ်နေသလား”စသည်ဖြင့်။သူမကို သူမကွယ်ရာမှာ အများက ဘယ်လို မြင်မလဲဆိုတာ ဝတ်မှုန် အရမ်းဂရုစိုက်တတ်သည်။ စာအရမ်းတော်သော ဝတ်မှုန်ကို ဆရာမတွေက ပစားပေးတတ်ကြသည်။ ကျောင်းကပွဲတစ်ခုတွင် ခေါင်းဆောင်မင်းသမီးအဖြစ်လုပ်ရန် ခေါ်တတ်ကြသည်။ကျောင်းသူတော်တော်များများ လိုချင်သော နေရာဖြစ်သည်။ ကျောင်းကပွဲတွေက အမြဲလို လူစည်တတ်ပြီး ဗီဒီယိုရိုက်သူများလည်း ရှိကြသည်။ ထိုသို့သော အခွင့်အရေးကို ဝတ်မှုန်က တမ်းပြီး ငြင်းပစ်တော့ ကြယ်စင် အံ့သြရသည်။
ဆရာမထွက်သွားတော့ ဝတ်မှုန်ကို လက်တို့ပြီး ကြယ်စင်မေးမိသည်။

“ဟဲ့…ဝတ်မှုန်…နင်ပဲ မင်းသမီး ဖြစ်ချင်တယ်ဆို..အခုလို ကျောင်းပွဲတွေမှာပါတော့ အတွေ့အကြုံတွေ ဘာတွေရတာပေါ့ဟ..ဘာလို့ ငြင်းလိုက်တာလဲ”
“ငါလေ..ငါ ရှုံးရမှာ ကြောက်တယ် တစ်ကယ်လို့ ငါကတာ မတော်လို့ လူတွေ ထပြန်ရင် ဘယ်လိုလုပ်မလဲ..ပြီးတော့ ငါ့အကြောင်း ကွယ်ရာမှာ ပြက်ရယ်ပြုရင် ဘယ်လိုလုပ်မလဲ …ငါ ကြီးလာရင် မင်းသမီးလုပ်ချင်မှ လုပ်မှာပါဟာ…”
“ဒါပေမယ့် နင်ပဲ ဝါသနာပါတယ်ဆို..အင်း..ငါလည်း နင်သာဆို အဲလိုပဲ ငြင်းပစ်မှာပါ”ကြယ်စင် တိုးတိုးလေးပဲ ရေရွတ်မိသည်။ ဆက်ပြီး မတိုက်တွန်းမိတော့။

(၃)

ဖုန်းနံပါတ်အတွက် ဂဏန်းတွေ နိပ်ရင်းနဲ့ ကြယ်စင် စိတ်လှုပ်ရှားမိသည်။ နေ့လယ်က စာစောင်မှ ကြယ်စင် သူမ၏ ဖုန်းနံပါတ်ကို မှတ်ထား ခဲ့သည်။ သူမနှင့် တွေ့ရင် ဘာစပြောရင် ကောင်းမလဲ စဉ်းစားရင်း ကြယ်စင် ချွေးပြန်လာသည်။

“ဟလို ဘယ်သူပါလဲ…” တစ်ဖက်မှ ယောက်ျားအသံ ထွက်လာသည်။
“ဟ…လို… ဝတ်…အဲ…သွန်းရတနာနဲ့ ပြောချင်လို့ပါ ကျွန်မ သူ့ ငယ်သူငယ်ချင်းပါ…”
“ဘယ်သူလို့ ပြောရမလဲ”
“ကြယ်စင်လို့ ပြောပေးပါ”

ဝတ်မှုန်လာကိုင်တော့ ကြယ်စင် အရမ်းပျော်သွားသည်။ မတွေ့တာ (၅) နှစ်လောက် ရှိတော့မည်ကိုး။ ငယ်အကြောင်းတွေ စားမြုံ့ပြန်ရင်း ရယ်မောကြသည်။ ဝတ်မှုန်က မာနမကြီးဘဲ ကြယ်စင်ကို အရင်အတိုင်း ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံတော့ ကြယ်စင် ကြိတ်ဝမ်းသာပြီး ဂုဏ်ယူမိသည်။
ရုတ်တရက် ဝတ်မှုန်က ကြယ်စင့်ကို သီချင်းမဆိုဘူးလားဟု မေးလာသည်။
ကြယ်စင် ရုတ်တရက် ငိုင်သွားတာအမှန်။ ဖြေဖို့ အဖြေရှာမတွေ့ဘဲ သူမကို သာ ပြန်မေးမိသည်။

“နင် ဝတ်မှုန်ကနေ သွန်းရတနာဆိုတဲ့ မင်းသမီး အဖြစ်ရောက်ဖို့ ခွန်အားတွေ ဘယ်လိုရခဲ့လဲဟင် ငါလုံးဝ မထင်ခဲ့ဘူး”
သူမက တစ်ချက်ရယ်လိုက်ပြီး တည်ကြည်သော အသံဖြင့်
“ငါ ဆယ်တန်းပြီးတော့ ဘာလုပ်ရမလဲတွေးပြီး အရမ်းစိတ်ညစ်မိတယ်ဟ…တိုင်ပင်ဖော်နင်ကလည်း မော်လမြိုင်ပြောင်းသွားတယ်လေ…ဝါသနာမပါတဲ့ ဆရာဝန်အလုပ်ကို မလုပ်ချင်ဘူး..ကိုယ် ဝါသနာမပါတာနဲ့ ငါ့ဘဝကို အဆုံးမခံနိုင်ဘူးတွေးမိတယ်…ဒါပေမယ့် ငါ သူများတွေ ငါ့ကို ဘယ်လိုတွေးမယ်ဆိုတာ ဘယ်လောက်ဂရုစိုက်တတ်တယ်ဆိုတာလည်း နင်အသိသားပဲ…နာမည်ကျော်မင်းသမီးတစ်ယောက်ရဲ့ စကားတစ်ခွန်းကို ငါဖတ်ရတယ်..သူပြောထားတာက ကျွန်မအချိန်အများကြီးပေးပြီးမှ တခြားလူရဲ့အကြည့်နဲ့ ကိုယ့်ကိုယ်ကို မဝေဖန်၊ မပိုင်းခြားမိဖို့ သင်ယူခဲ့ရတယ်တဲ့ 
မောသွားဟန်ဖြင့် သူမ တစ်ချက် ရပ်လိုက်သည်။ ကြယ်စင် ဒီအတိုင်းသာ ငြိမ်ပြီး ပြောလာမည့် စကားကို စောင့်နေလိုက်သည်။

“သူလို နာမည်ကျော် မင်းသမီးတောင် အဲလို ဖြစ်ဖူးခဲ့တာပဲ…ပြီးတော့ နင်ကြားဖူးတယ်မလား “မိုးသက်လေပြင်းဆိုတာမရှိရင် လှပတဲ့သက်တန့်ဆိုတာလည်း မပေါ်နိုင်ပါဘူး။ ဆိုတာလေ။ မြန်မာစကားပုံမှာလည်း “အနာခံမှ အသာစံရ ဆိုတာ ရှိတယ်လေ။ ဒါတွေဟာ ငါ..အခုလို သွန်းရတနာဖြစ်ဖို့ လုံလောက်တဲ့ ခွန်အားတွေ ရခဲ့တဲ့ အကြောင်းရင်းတွေပဲ။ ငါအခုဆို ဆုံးရှုံးရမှာကို မကြောက်တော့ဘူး ကြယ်စင်ရဲ့”

ဝတ်မှုန်၏ စကားအဆုံးတွင် ကြယ်စင် ရင်ထဲတွင် ပြည့်ပြည့်ကျပ်ကျပ်ကြီး ခံစားလိုက်ရသည်။ ဝတ်မှုန်နှင့် စကားပြောပြီးဖုန်းချသည့်တိုင်  ဝတ်မှုန်ပြောခဲ့သော စကားတွေက နားထဲမှ မထွက်။

(၄)

ခွမ်း……….

စုဗူးကို ဖောက်ပြီး ပိုက်ဆံတွေကို ကြယ်စင် ရေနေလိုက်သည်။ (၃) နှစ်ကျော် စုဆောင်းထားခဲ့တာတွေက စိတ်ကူးယဉ်အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ဖို့ လုံလောက်ကောင်းပါရဲ့။ ကောင်းကင်ကို လှမ်းကြည့်တော့ မှိတ်တုတ် မှိတ်တုတ် ကြယ်တွေအစား လှပသော ရောင်စုံ သက်တန့်ကြီးကို ကြယ်စင် မြင်ယောင်မိသည်။

“မျှော်လင့်ချက် မြို့ငယ်လေး”



လူတစ်ယောက် မွေးဖွားကြီးပြင်းခဲ့တဲ့နေရာဟာ ထိုလူရှဲ့ဇာတိချက်မြုပ်နေရာ ထိုလူရဲ့ အတိတ်သမိုင်းကို စတင်ပုံဖေါ်ရာ နေရာ ဖြစ်ပါတယ်။ တစ်ချို့လူတွေကတော့ မြို့ကြီးတွေမှာ တစ်ချို့တွေကတော့ တောရွာဇနပုဒ်တွေမှာ မွေးဖွားကြီးပြင်းလာကြလေရဲ့။ကျွန်မကိုတော့ တောမကျ မြို့မကျ ပြောရမယ့် စက်ရုံဝန်ထမ်းအိမ်ထောင်စုလေးမှာ မွေးဖွားခဲ့သည်။ ထိုနေရာလေးကို ကျွန်မအသည်းနှလုံးထဲမှ မျှော်လင့်ခြင်း မြို့ငယ်လေးဟု တင်စားထားသည်။ မိုးမျှော်အဆောက်အအုံကြီးတွေမရှိ..ရိုလာကိုစတာတွေမရှိ…အင်တာနက်ဆိုင်တွေမရှိ...စူပါမားကက်ကြီးတွေမရှိ..ဥယျာဉ်ကြီးတွေမရှိ…ရဲစခန်းမရှိ…ဟိုတယ်မော်တယ်များမရှိ…သို့ပေမယ့် ထိုနေရာလေးဟာ ကျွန်မအတွက် အလုံခြုံအနွေးထွေးဆုံး စိတ်ကျေနပ်စရာအကောင်းဆုံး ပျော်ရွှင်စရာအကောင်းဆုံး နေရာလေးပါ။

ထိုမြို့ငယ်လေးတွင် ကျွန်မကို မွေးဖွားခဲ့သည်။ ကျွန်မ၏ ပျော်ရွှင်စရာကောင်းသော အတိတ်ပုံရိပ်များ ရှိသည်။ ကျွန်မ၏ ငယ်ဘဝကို ထိုနေရာမှာပင် ဖြတ်သန်းခဲ့သည်။ ထိုနေရာလေးတွင် ကျွန်မ၏ ချစ်ခင်ကျွမ်းဝင်ရသော မိသားစု ငယ်သူငယ်ချင်းများ အိမ်နီးနားချင်းများ အသိများ ရှိသည်။ ရင်းနှီးကျွမ်းဝင်နေသော ခံစားချက်ကို မြို့ငယ်လေး၏ နေရာတိုင်းတွင် ကျွန်မခံစားရသည်။

ကျွန်မရဲ့ မြို့ငယ်လေးဟာ တည်ငြိမ်ရင့်ကျက်ခြင်း ပေါ့ပါးသွက်လက်ခြင်း ငြိမ်းချမ်းခြင်းစတဲ့ အသွင်များဆောင်ထားတဲ့ မိန်းမပျိုလေးတစ်ဦးပါ။ နံနက်စောစော လင်းအရုဏ်မှာဆိုလျှင်ဖြင့် မြို့ငယ်လေးရဲ့ တစ်ဆိုင်တည်းသော လက်ဖက်ရည်ဆိုင်မှ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းတဲ့ တရားသံကို ကြားနိုင်လေသည်။ တခြားရွာတွေ မြို့တွေလိုမဟုတ် မောင်းတုံးခေါက်သံ ကြက်တွန်သံ ဘတ်စ်ကားလူခေါ်သံ နှိုးစက်သံတွေအစား ဒီပင်မလက်ဖက်ရည်ဆိုင်လေးမှ တရားသံက မြို့ငယ်လေးမှ လူတွေရဲ့ ပုံမှန်နှိုးစက်တာဝန်ကို ယူထားလေရဲ့။ နံနက်စောစော (၆) နာရီဆိုလျှင် မြို့ငယ်လေးရဲ့ အလယ်ပိုင်းမှ ဈေးလေးမှာ လူတွေစည်နေပြီ။ နံနက် (၈) နာရီထိုးလျှင် လုပ်ငန်းခွင်ဝင်မည့် လင်ယောကျာ်းအတွက်  ဝယ်ခြမ်းချက်ပြုတ်ပေးရန် အိမ်ရှင်မများ ဈေးသို့ ခပ်သုတ်သုတ်လာကြသည်။ ကျွန်မရဲ့ မြို့ငယ်လေးမှာ မြို့ကြီးတွေလို ဘာတွေဖြစ်ပျက်နေသည်ကို သိရန် သတင်းစာမလို။ ဈေးတွင် အသားငါး ဟင်းသီးဟင်းရွက်များကို ဝယ်ယူနိုင်ရုံမက မြိုငယ်လေး၏ သတင်းများကိုလည်း နားစွင့်နိုင်သည်။ ဈေးလေးမှာ ဖော်ရွေရင်းနှီးစွာ ခေါ်သံ နှုတ်ဆက်သံ..ရယ်မောသံ တွတ်ထိုးသံ များက ဆည်းလည်းသံများပမာ ချိုမြနေတတ်သည်။

(၈) နာရီထိုးလျှင် ဖယ်ရီကားကြီးများက မြို့ငယ်လေးအနှံ့လှည့်ပြီး ဝန်ထမ်းများကို ကြိုနေကျဖြစ်သည်။ ကျွန်မငယ်ငယ်က ကျွန်မတို့ အိမ်ရှေ့တွင် ဟွန်းတီးသံရောက်လာလျှင် ကျွန်မက အဖေ့ရဲ့ ထမင်းဘူးကို လက်တစ်ဖက်က ကိုင် အခြားတစ်ဖက်မှ အဖေ့လက်ကို မြဲစွာဆုပ်ကိုင်ပြီး အဖေ့ကို ခြံအပေါက်ဝထိ လိုက်ပို့နေကျဖြစ်သည်။ အဖေ့ကို တာ့တာပြလိုက် ဖယ်ရီကားကြီးပေါ်မှ ပြုံးရွှင်နေသော ဦးလေးကြီးများကို တာ့တာပြလိုက်ဖြင့် ကျွန်မမှာ ကားကြီးမထွက်သရွေ့ တာ့တာပြလို့ မဆုံးတော့ပေ။

ကျွန်မတို့ မြို့လေး၏ ကျက်သရေဆောင်နေရာဆိုလျှင် မြို့လေး၏ တစ်ခုတည်းသော ကျောင်းလေးမှာ လက်ညှိုးထိုးစရာထဲမှ တစ်ခုပင်ဖြစ်သည်။ သွပ်မိုး အုတ်ကာဖြင့် မူလတန်းအတွက် တစ်ထပ်အဆောက်အအုံလေး အလယ်တန်းနှင့်အထက်တန်းအတွက် နှစ်ထပ်အဆောက်အအုံလေးက သေသေသပ်သပ်လေးရှိနေသည်။ ကျောင်း၏ ပင်မဝင်းထဲသို့ ဝင်လျှင်ဖြင့် လွမ်းမောဖွယ်ရာ စိန်ပန်းပင်ကြီးကို တွေ့ရမည်ဖြစ်သည်။ အရိပ်ရသစ်ပင်ကြီးများနှင့် ကျွန်မတို့ကျောင်းလေးသည် ဘာပကာသနအဆောင်အယောင်တွေမှမပါ ရိုးရိုးရှင်းရှင်းလေး ခန့်ညားနေသည်။  နံနက် (၈) နာရီခွဲဆိုလျှင်ဖြင့် ကျောင်းလေး၏ ချိုမြသော ခေါင်းလောင်းသံကို ကြားနိုင်ပါရဲ့။ ထိုအသံနှင့်အတူ အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူလေးများ စာသင်ခန်းဆီသို့ ပြေးလွှားနေတာကို မြင်ရပါလိမ့်မည်။ ပြီးလျှင် ကျောင်းသူကျောင်းသားများ၏ စာအံသံများကို စည်းချက်ညီညီကြားရမည် ဖြစ်သည်။ မြို့ပြကြီးများမှ ကျောင်းကြီးများနှင့် ယှဉ်သော် အလွန်သေးငယ်ကာ မထည်ဝါသော်ငြားလည်း ထိုကျောင်းလေးသည် ကျွန်မတို့ ဝန်ထမ်းမိသားစုမှ ကလေးများ၏ တစ်ခုတည်းသော ပညာရည်နို့သောက်စို့ရာ အနာဂတ်ကို စတင်ပုံဖော်ရာ စိတ်ကူးယဉ်အိမ်မက်များ မြုပ်နှံရာ ချစ်စဖွယ် နေရာလေးပင် ဖြစ်သည်။

မြို့လေး၏ ကျက်သရေဆောင်နေရာတွေထဲမှာ မိုးကောင်းစေတီ နှင့် ရွာဦးကျောင်းစေတီဟု သမုတ်ထားသော စေတီနှစ်ဆူမှာ မပါမဖြစ်ပင် ဖြစ်သည်။ မိုးကောင်းစေတီသည် ကျွန်မတို့မြို့ငယ်လေး၏ မြောက်စူးစူးအရပ်တွင် တည်ရှိပြီး ရွာဦးကျောင်းစေတီကတော့ အနောက်စူးစူးအရပ်တွင် တည်ရှိသည်။ မိုးကောင်းစေတီအနားတစ်ဝိုက်တွင် ကြာကန်တစ်ခုရှိပြီး ကန်အလယ်တွင် နဂါးရုံဘုရားတည်ကာ မိုးကောင်းစေတီနှင့် နဂါးရုံဘုရားအား သစ်သားတံတားလေးဖြင့် သွယ်တန်းထားသည်။ ညနေခင်းအချိန်များဆိုလျှင် ထိုတံတားလေးတွင် ဘုရားလာဖူးကြသော ချစ်သူစုံတွဲများဖြင့် စည်နေတတ်သည်။ စွေးမြမြနီနေသော နေလုံးကြီးနှင့် အတူ လှပစွာဖူးပွင့်နေသော ကြာပန်းများနှင့်အတူ စိမ်းမြနေသော ရေကန်ကြီးနှင့်အတူ သစ်သားတံတားလေးပေါ်တွင် တွတ်ထိုးနေကြသော ချစ်သူစုံတွဲများဖြင့် ထိုနေရာလေးဟာ ပန်းချီဆရာများအတွက် ပန်းချီဆွဲချင်စရာနေရာလေးပင် ဖြစ်သည်။

အနောက်စူးစူးတွင် ရှိသော ရွာဦးကျောင်းစေတီကတော့ တောင်ကုန်းမို့မို့လေးပေါ်တွင် တည်ရှိသည်။ ထိုစေတီသို့ သွားလိုလျှင် ကုန်းတစ်ခုဆင်းရပြီး မတ်စောက်သော ကုန်းတစ်ခုကို တက်ရသည်။ ကျွန်မ သွားရန်အနှစ်သက်ဆုံးသော နေရာလေးဖြစ်သည်။ ကုန်းစောင်းပတ်လည်များတွင် ကျွန်မတို့ မြို့ငယ်လေးနှင့် ရွာနီးစပ်ချုပ်များမှ တောင်သူဦးကြီးများ လာရောက်စိုက်ထားသော  ပဲဇင်းငုံခင်းများဖြင့် စိမ်းစမ်းလန်းလန်းရှိနေတတ်သည်။ ပဲဇင်းငုံခင်းများ အလယ်တွင် အရိပ်ရ ဇီးပင်များ မာလကာပင်များ ရှိတတ်သည်။ ကလေးတော်တော်များများ ဘုရားလည်းဖူးရင်း ဇီးသီး မာလကာသီးများစားရအောင် တပျော်တပါး လာတတ်ကြသည်။ ပဲဇင်းငုံခင်းစပ်များတွင်တော့ တောပန်းရိုင်းများ ပေါက်နေတတ်သည်။ ညနေခင်းတွင် ပဲဇင်းငုံခင်းမှ ဖြတ်တိုက်လာသော လေပြေလေညှင်းများအကြား တောပန်းရိုင်းများ ယိမ်းနွဲ့နေသည်မှာ အတော်ပင် လှသည်။ တစ်ကုန်းဆင်း တစ်ကုန်းတက်ဖြင့် တောင်ကုန်းပေါ်မှ စေတီသို့ ရောက်လျှင်ဖြင့် မောပန်းခဲ့သည်များ ပြေပျောက်သွားရမြဲဖြစ်သည်။ စေတီကို တံတိုင်းအဖြစ်ကာရံထားသော အုတ်နံရံကြီးများ ပတ်လည်တွင် စက်ရုံမိသားစုများ၏ ကုသိုလ်ကောင်းမှုများကို မှတ်တမ်းတင်ထားသည်။ မိမိတစ်စိတ်တစ်ပိုင်းပါဝင်ကုသိုလ်ပြုကာ အားလုံး၏ စုပေါင်းအားဖြင့်တည်ရှိခဲ့သော ထိုစေတီကို ဖူးရသည့် ပီတိမှာ အတော်ပင် ကြည်နူးစရာကောင်းလှသည်။

မြို့လေး၏ အလယ်တွင် တည်ရှိသော ဘောလုံးကွင်းကတော့ မြို့လေး၏ အားကစားမောင်မယ်များ မွေးထုတ်ပေးရာနေရာဖြစ်သည်။ မြက်ခင်းနုနုစိမ်းစိမ်းများ ပေါက်နေသော အတော်အသင့်ကျယ်ပြန့်သော ကွင်းပြင်ကြီးက အားကစားဝါသနာပါသူ မြို့သူမြို့သားများအတွက် ကောင်းမွန်သော နေရာလေးဖြစ်သည်။ ညနေခင်းများတွင် ခြင်းလုံးပွဲများ ဘောလုံးပွဲအသေးစားလေးများကို တွေ့နိုင်သည်။ ပြေးလွှားဆော့ကစားနေသော ကလေးများကိုလည်း တွေ့နိုင်သည်။ လာရောက်ပြီး စက်ဘီးစီးကြသူများ လမ်းလျှောက်ကြသူများဖြင့်လည်း စည်ကားနေတတ်သည်။

ကျွန်မ မြို့ငယ်လေး၏ ဆွဲဆောင်မှုအားကောင်းသော နေရာများမှာ ပုံမှန် မထူးခြားသော နေရာလေးများသာဖြစ်သည်။  သို့သော် ထိုနေရာလေးများသည်ပင် ကျွန်မကို ဆွဲဆောင်ထားသော နေရာလေးများ ဖြစ်သည်။ သို့ပေသိ ထိုအရာများထက် ကျော်လွန်ကာ အရေးကြီးသော အချက်ကား ကျွန်မ၏ မြို့ငယ်လေးကို အကြောင်းပြချက်ရေရေရာရာမရှိဘဲ ချစ်သည်။ ကျွန်မတို့ မြို့ငယ်လေးသည် မြန်မာနိုင်ငံတွင် နာမည်မကျော်ကြား မထင်ရှားပါ…မြို့ငယ်လေးမှ သိသိသာသာထင်ရှားအောင်မြင်သော လူငယ်များလည်း မပေါ်ထွန်းခဲ့ပါ…မြို့ငယ်လေးသည် သမိုင်းဝင်မြို့လည်း မဟုတ်ပါ…ခရီးသည်များကို ဆွဲဆောင်စရာ ဆန်းပြားကောင်းမွန်သော နေရာများလည်း မရှိပါ…တစ်ခုပဲရှိသည်။ ထိုမြို့ငယ်လေးကို ကျွန်မတို့ဝန်ထမ်းအိမ်ထောင်စုလေး၏ အသည်းနှလုံးများဖြင့် တည်ဆောက်ထားသည်။

မြို့ငယ်လေး၏ အနာဂတ်နှင့် ပတ်သက်ပြီး ကျွန်မ အများကြီး မျှော်လင့်မထားပါ။ ကျွန်မ၏ တစ်ခုတည်းသော မျှော်လင့်ချက်က မြို့ငယ်လေးအား ယခုကဲ့သို့ပင် တည်ငြိမ်အေးချမ်းစေချင်သည်။ ခေတ်မီစူပါမားကတ်များပေါ်လာဖို့ အင်တာနက်ဆိုင်များပေါ်လာဖို့ အသစ်စက်စက်ကိရိယာများဝယ်ပြီးတပ်ဆင်နိုင်ဖို့ ကျွန်မ မလိုလားမတောင့်တပါ။ ယခုကဲ့သို့ပင် မြို့သူမြို့သားများ အချင်းချင်း ကူညီရိုင်းပင်းကြဖို့၊ တစ်ဦးနှင့်တစ်ဦးတွေ့လျှင် အပြုံးများ ကူးစက်ကြဖို့၊ စာသင်ကျောင်းတွင် ကျောင်းသားကျောင်းသူများ၏ စာအံသံများ ညံနေဖို့၊ ညနေခင်းတွင် စေတီလာရောက်ဖူးရင်း အေးအေးဆေးဆေး အပန်းဖြေနိုင်ဖို့၊ ဘောလုံးကွင်းတွင် ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနိုင်ကြစေဖို့ ဒါတွေကိုပဲ ကျွန်မ ရိုးရှင်းစွာ မျှော်လင့်သည်။

ကျွန်မချစ်ခင်မြတ်နိုးရသော မျှော်လင့်ချက် မြို့ငယ်လေးကား ပီအိုင်စီဟု ခေါ်ဝေါ်သော ရေနံစက်ရုံဝန်ထမ်းအိမ်ထောင်စုလေးပင် ဖြစ်သည်။

ဝါလေး (P.I.C)
၁၂.၅၄ (ည)
၂၉.၈.၂၀၁၁ (တနလာၤ)