18 Jul 2011

ကျွန်မ ဘဝ၏ ဂုဏ်ကျက်သရေ အပြည့်ဝဆုံး အချိန်



လူတစ်ယောက်တွင် ဘဝမှာ တစ်ခါ ဂုဏ်ကျက်သရေ အပြည့်ဆုံး အချိန်တစ်ခု ရှိတတ်ကြသည်။ လူတစ်ယောက်ကပြောတယ်။ သူ့အတွက် ဂုဏ်ကျက်သရေ အပြည့်ဝဆုံးအချိန်က သူ ဘီလျံနာဖြစ်ပြီး လက်ညှိုးညွှန်ရာရေ ဖြစ်နေတဲ့အချိန်တဲ့။ တခြားတစ်ယောက်က ပြောတယ်။ သူ့အတွက်ကတော့ သူ P.H.D ဘွဲ့တက်ယူစဉ်က သူ့အတွက် ဂုဏ်ကျက်သရေ အပြည့်ဝဆုံးအချိန်တဲ့။ သင်ကရော??? ကျွန်မအတွက်ကတော့……….

(၁)

ကျွန်မ အသက် (၉) နှစ်လောက်ကတည်းက ကျွန်မ ဦးလေးဆီမှာ စန္ဒယားတီးတတ်အောင် သင်ယူခဲ့ပါသည်။ မှတ်မှတ်ရရ အလှသစ္စာတရား” ဟူသော သီချင်းလေးကို ကျွန်မပထမဆုံး စန္ဒယားဖြင့် ဖြောင့်ဖြောင့်တန်းတန်း တီးပြီး ဆိုတတ်ခဲ့သည်။ စန္ဒယားသည် ကျွန်မ၏ အားလပ်ချိန်တိုင်းတွင် အတူရှိနေတတ်သော ကျွန်မချစ်မြတ်နိုးရသော တူရိယာဖြစ်သည်။

ဦးလေးက မြို့ထဲမှာ “ပန်းနုရောင်” ဆိုသည့် နာမည်ဖြင့် စန္ဒယားတီးသင်ပေးသော သင်တန်းလေး ဖွင့်ထားသည်။ ကျွန်မ အထက်တန်းကျောင်းပြီးသွားသောအခါ နွေရာသီကျောင်းပိတ်ရက်များတွင် ပျင်းရိငြင်းငွေ့မနေအောင် အဖေက အလုပ်တစ်ခုခု လုပ်ဖို့ပြောလာသည်။ အဲဒီတုန်းက ကျွန်မ ရုတ်တစ်ရက် ထူပူသွားသည်။ ကျွန်မ လုပ်တတ်တာ ဘာမှ မရှိသည်ကိုး။ အဲဒီအချိန်မှာ ဦးလေးက ကျွန်မကို သူ့ဆိုင်မှာကူပြီး စန္ဒယားသင်ပေးရန်ပြောသည့်အခါ ကျွန်မ အလွန်ပျော်သွားသည်။ ဦးလေးက ကျွန်မကို ယုံကြည်စိတ်ချလို့သာ ဒီလို တာဝန်ပေးသည်မလား။ တစ်လကို ၃၀၀၀၀  ဦးလေးက ကျွန်မကို ပေးမည်။ ကျွန်မက သင်တန်းသားကို စန္ဒယား တီးတတ်အောင် တာဝန်ယူပေးရမည်။ ကျွန်မ အချစ်မြတ်နိုးဆုံးအရာကို သင်ပေးရမည့်အလုပ်မှာ ဘယ်လောက်ကောင်းလိုက်ပါသနည်းဟု ကျွန်မတွေးပြီး အလွယ်တကူလက်ခံလိုက်သည်။

အရာအားလုံးဟာ ကျွန်မအတွက် အဆင်ပြေနေခဲ့သည်။ ကျွန်မ တတ်ကျွမ်းသော ချစ်မြတ်နိုးသော ပညာရပ်တစ်ခုကို မျှဝေသင်ပေးရသည်။ ပင်ပန်းတာကလွဲပြီး ကျွန်မအတွက် ဘာအခက်အခဲမှ မရှိခဲ့။ တိတိကျကျပြောရမယ်ဆိုလျှင်တော့ ကျွန်မ ဦးလေးက ကျွန်မအတွက် အထူးသင်တန်းသူတစ်ယောက်ကို ခေါ်မလာခင် အချိန်အထိဖြစ်သည်။

(၂)

တစ်နေ့ ဦးလေးက ကျွန်မကို အထူးသင်တန်းသူတစ်ယောက်ကို တာဝန်ယူပေးရန်ပြောလာသည်။ သူ့မှာ သင်တန်းရှိ သင်တန်းသား သင်တန်းသူများကို သင်ကြားပေးရသည့်အလုပ် / သင်တန်းကို ထိန်းသိမ်းရသည့် အလုပ်ဖြင့် ထိုသင်တန်းသူအား အချိန်ပေးသင်ပေးနိုင်မည် မဟုတ်ဟု ဆိုလာသည်။ ကျွန်မက အဲဒီသင်တန်းသူတစ်ယောက်ကိုပဲ သီးသန့်အခန်းမှာ တာဝန်ယူပြီး အချိန်ပြည့်သင်ပေးရမည်ဖြစ်သည်။ ကျွန်မ တက်တက်ကြွကြွပင် လက်ခံလိုက်သည်။ ဒီလို သင်တန်းသူတစ်ယောက်ပဲ သင်ပေးရန်မှာ ကျွန်မအတွက် နေ့စဉ်လုပ်နေကျ သင်တန်းသား သင်တန်းသူအများကြီးကို သင်ပေးရတာထက်စာရင် အင်မတန်လွယ်ကူသက်သာမှာလေ။

နောက်နေ့ သင်တန်းမှ သီးသန့်အခန်းကို ဦးလေးနှင့် ကျွန်မ သွားကြသည်။ အခန်းကို ဝေ့ဝဲကြည့်လိုက်တော့ ဘီးတပ်ကုလားထိုင်မှာ ထိုင်နေသော မိန်းကလေးမှ အပ ကျွန်မ ဘယ်သူ့မှ မတွေ့မိ။ အဲဒါနဲ့ ဦးလေးကို “ဦးလေး..သင်တန်းသူက ဘယ်မှာလ”ဲ ဟု မေးလိုက်သည်။ ဦးလေးက ထိုမိန်းကလေးကို လက်ညှိုးထိုးပြီး “ဒီမှာလေ သမီးရဲ့ သူပဲလေ နာမည်က ပန်းအိဖြူတဲ့” ဟု ပြန်ပြောလိုက်သည်။ ကျွန်မ ထိုသင်တန်းသူလေးကို ငုံ့ကြည့်ပြီး ခေါင်းမီးတောက်သွားသည်။ ပြီးမှ ဦးလေးလက်ကို အသာဆွဲရင်း အခန်းအပြင်သို့ ထွက်လိုက်သည်။ “ဦးလေး.. သမီးကို နောက်နေတာ မဟုတ်ပါဘူးနော်….သူ့ကို သမီးက ဘယ်လိုသင်ရမှာလဲ… သူက ဝှီးချဲပေါ်မှာ ထိုင်နေရတာ… ပြီးတော့ အဆိုးဆုံးက သူ့လက်ချောင်းတွေက ကုပ်နေတာ… သင်လို့မဖြစ်နိုင်ပါဘူး” ဟု ကျွန်မ ဦးလေးကို တရစပ်ပြောလိုက်သည်။ ဦးလေးက ကျွန်မကို သေချာကြည့်ပြီး “သမီး…  သမီး စန္ဒယားသင်ချင်တုန်းကလည်း ဦးလေး ဘယ်လောက် ခက်ခက်ခဲခဲ သင်ပေးရတုန်းဆိုတာ မှတ်မိလား ..သမီး စန္ဒယားပညာကို ဘယ်လောက်ချစ်မြတ်နိုးခဲ့လဲ… သွားသင်ပေးလိုက်ပါ..သမီး လုပ်နိုင်တယ်ဆိုတာ ဦးလေး ယုံတယ်” ဟု တည်တည်ငြိမ်ငြိမ်ပင် ကျွန်မကို ပြန်ပြောလိုက်သည်။

ကျွန်မ ရင်ထဲမှာတော့ “ဟာ ဘယ်လိုလုပ် သင်ပေးလို့ရမှာလ”ဲ ဟူသော အတွေးတွေသာ ပဲ့တင်ထပ်နေသည်။ ကျွန်မ အခန်းထဲကို ဝင်သွားပြီး သူမနှင့် မိတ်ဆက်လိုက်သည်။ သူမက ပြုံးပြီး  အသင့်ပါလာတဲ့ စာရွက်နဲ့ ဘော်လ်ပင်ပေါ်မှာ အားကြိုးမာန်တက် ခက်ခက်ခဲခဲရေးပြီး ကျွန်မကို စာရွက်ထောင်ပြတယ်။ ကျွန်မ အသံမထွက်ဘဲ မျက်လုံးပြူးသွားမိသည်။ “ဘုရားရေ ဒီကလေးမက စကားလည်း မပြောတတ်ပါလား” ကျွန်မရင်ထဲ အပူလုံးတစ်ခု စီးသွားသည်။ သူမရဲ့ မညီမညာ လက်ရေးတွေက ပြောနေတာတော့ “စန္ဒယားတီးသင်ရမှာမို့ ပျော်တယ်”တဲ့။ ကျွန်မ သူ့ကို အပြုံးတုတစ်ခု ဖန်ဆင်းပြီး ပြုံးပြလိုက်မိသည်လို့ ထင်တာပဲ။

(၃)

ပထမနေ့မှာပင် သူမ စန္ဒယားပေါ်ရှိ ခလုတ်များကို မယ်မယ်ရရ စနစ်ကျစွာ မတီးတတ်သေးပါ။ ဒို ရေ မီ ဖာ ဆို လာ တီ ဒို” ဆိုတာထွက်ဖို့ ဘယ်ခလုတ်တွေ တီးရမည်ဆိုတာပဲ ကျွန်မ သင်ပေးနိုင်ခဲ့သည်။ ပုံမှန်သင်တန်းသား သင်တန်းသူဆိုလျှင် ပထမနေ့မှာပင် လက်နှင့် အကျအန ထို (၇) လုံးကို တီးနိုင်သည် မဟုတ်ပါလော။ သူမ လက်ချောင်းတွေကို စန္ဒယားခလုတ်တွေပေါ် တင်ပေးနိုင်ဖို့ ကြိုးစားတော့ အချည်းနှီးပင်။ ကုပ်နေသော သူမ လက်ချောင်းများက စန္ဒယားပေါ်တွင် ကျောက်ခဲများ ခေါင်မိုးပေါ်ကျသလို မညီမညာ မသက်မသာ အသံတွေသာ ထွက်လာခဲ့သည်။ ကျွန်မလည်း သက်ပြင်းမောတွေ ချမိသည်မှာ အကြိမ်ကြိမ်ပင်။

ဒုတိယနေ့တွင်တော့ ကျွန်မနှင့် သူမ အချင်းချင်း ပိုပြီး သိကျွမ်းလာခဲ့သည်။ သူမရဲ့ အကြောင်းကို မေးသည့်အခါ သူမက ငယ်စဉ်ကတည်းက ပိုလီယိုရောဂါဖြင့် လက်နှင် ခြေထောက်မှ အကြောများဆိုင်းသွားကြောင်း စာရွက်ပေါ်မှာ ရေးပြသည်။ သူမ စကားမပြောနိုင်သည်ကတော့ သူမအသက် (၁၂) နှစ်အရွယ်တွင် သူမရဲ့ အဖေ  သူမရှေ့မှာ ကားအက်ဆီးဒန့်ဖြင့် မရှုမလှသေသွားရသည်ကို မျက်မြင်တွေ့ခဲ့ရသောကြောင့်ဟု စာရွက်များပေါ်တွင် သူမ ရေးပြရှာသည်။ ယခုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် အဖြစ်ဆိုးများကို ကြုံရသော သူမကို ကြည့်ပြီး ကျွန်မ သနားစိတ်ဝင်မိသည်။ သို့သော် ကျွန်မ သူမအပေါ် စန္ဒယားတီးသင်ပေးချင်သည့်စိတ်မရှိလောက်အောင် စိတ်ပျက်မိသည်ကိုတော့ ဝန်ခံချင်ပါသည်။


(၄)

နောက်နေ့ ကျွန်မ ဦးလေးကို ထိုသင်တန်းသူအား လုံးဝသင်ချင်စိတ်မရှိတော့ကြောင်း ပြောလိုက်သည်။ ဦးလေးက ကျွန်မကို တအံ့တသြကြည့်ပြီး သမီး အခုမှ (၂) ရက်ပဲရှိသေးတယ်..ဘာလို့လက်လျှော့စကားကို အလွယ်တကူပြောရတာလဲ..ဒီကလေးမလေး စန္ဒယားတီးသင်ဖို့ ဘယ်လောက်ကြိုးကြိုးစားစားအားယူရမလဲဆိုတာ သမီးမှန်းဆမိမှာပါ…ပြီးတော့ ညည်းက စန္ဒယားပညာရှင်အကျော်အမော်တစ်ယောက်တောင် မဟုတ်သေးဘူး…တစ်ကိုယ်ကောင်းဆန်လှချည်လားကွယ် “ ဟု ပြန်တုံ့ပြန်သည်။ ဦးလေး ကျွန်မကို စိတ်ဆိုးနေလေပြီ။ ကျွန်မလည်း ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို သတိပြုမိပြီး ဦးလေးကို ပြန်တောင်းပန်မိသည်။

နောက်ရက်များတွင်တော့ သူမနှင့် ကျွန်မ သီးသန့်အခန်းထဲရှိ စန္ဒယားနားတွင် အချိန်တော်တော်များများကုန်ဆုံးမိသည်။ သူမက ကြိုးစားစွာ အပတ်တကုတ်လိုက်လုပ်ပါသည်။ နှစ်ပတ်အကြာမှာတော့ သူမ သံစဉ် (၇) မျိုးကို ကောင်းကောင်းမွန်မွန် တီးတတ်နေပြီ။ ကျွန်မ စိတ်ထဲတွင် မတင်မကျဖြစ်နေသော မေးခွန်းတစ်ခုကို သူမကိုမေးမိသည်။ ဘာ့ကြောင့် စန္ဒယားတီးသင်ချင်ရတာလဲ” ဟု ကျွန်မမေးသောအခါ သူမက စာရွက်ပေါ်တွင် တကုပ်ကုပ်ရေးတော့သည်။ ပြီးတော့ မျက်ရည်ဝဲနေသောမျက်လုံးများနှင့် ကျွန်မကို မော့ကြည့်ပြီး စာရွက်လေးကို ထောင်ပြသည်။ “အဖေဆုံးကတည်းက စိတ်ဓာတ်အကျကြီးကျသွားသော သူမ အမေကို သူမ အဖေချစ်မြတ်နိုးပြီး မကြာခဏစန္ဒယားဖြင့်သီဆိုတတ်သော သီချင်းလေးကို သူမကိုယ်တိုင် စန္ဒယားဖြင့် တီးပြချင်လို့တဲ့ …သူမ၏ အမေကို စိတ်သက်သက်ရာရအောင် လုပ်လိုသော သူမ၏ မျှော်လင့်ချက်”။ သီချင်းလေးနာမည်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ကျွန်မအကြိုက်ဆုံးသီချင်းလေး။ ကျွန်မ ရုတ်တရက် ပြောစရာရှာမတွေ့ဘဲ ငြိမ်နေမိသည်။ သူမရဲ့ လက်များကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိတော့သည်။

(၅)

ထိုနေ့မှစပြီး ကျွန်မ နှစ်ဆပိုပြီး သူမအတွက် အချိန်ပေးမိသည်။ ကျွန်မ ကိုယ်ရော စိတ်ပါနှစ်ပြီး သူမကို သေသေချာချာသင်ပေးသည်။ သူမကလည်း ကြိုးစားပမ်းစား သင်ယူရှာသည်။ သူမ၏ ကုပ်နေသော လက်ချောင်းထိပ်လေးများလည်း ပိုပြီး ချိုင့်ဝင့်လာသည်။ ဗလာစာအုပ်များလည်း တစ်အုပ်ပြီး တစ်အုပ်ကုန်လာသည်။ သူမ နှင့် ကျွန်မ ကြားမှ ဆက်ဆံရေးကလည်း ဆရာမ တပည့် ဆက်ဆံရေးမှသည် ညီအစ်မဆံဆက်ရေးအထိ ပြောင်းလဲတိုးတက်လာသည်။ သူမရဲု့ကုပ်နေသော လက်များလည်း ကောင်းကောင်းမွန်မွန် စန္ဒယားပေါ်ရှိ အဖြူ အမဲ ခလုတ်များပေါ် ပြေးလွှားနိုင်လာသည်။

လပေါင်းများစွာကြာပြီး ကျွန်မ တက္ကသိုလ်ဝင်ခွင့်လျှောက်ခါနီးအလို တစ်ရက်။ ထိုနေ့က သူမ နဲ့ ကျွန်မ တွေ့ဆုံသည့် နောက်ဆုံးရက်။ သူမက အလှသစ္စာတရားဟူသော သီချင်းလေးကို ကျွန်မရှေ့မှာ အစမ်းတီးပြမည်ဖြစ်သည်။ ဒီနေ့မတိုင်ခင် နေ့ရက်များတွင် သူမတော်တော်လေး အမှားအယွင်းများစွာပြုလုပ်ခဲ့သည်။ သူမဘက်ကကြည့်ရင်လည်း အရမ်းကို ခက်ခဲသည်ကိုး။ ဒီနေ့တွင် ကျွန်မ စာမေးပွဲအောင်စာရင်းကို စောင့်နေသည့် ကျောင်းသူအလား ရင်ခုန်နေမိသည်။ သူမနှင့် ကျွန်မ အချိန်အတော်ကြာ ငြိမ်နေမိသည်။

ရုတ်တစ်ရက် သူမလက်ချောင်းလေးများ စန္ဒယားပေါ်တွင် စပြေးတော့သည်။ ငြိမ့်ညောင်းသော သံစဉ်၏ ဆွဲဆောင်မှုအကြား ကျွန်မရဲ့ နှုတ်ခမ်းများ အလိုလို စတင်လှုပ်ရှားမိသည်။

 xxxxအနုအလှ လက်ကလေးတွေနဲ့ ..ယုယကြင်နာစွာ…ထွေးပွေ့ယူထား သူ့အား..အတွေ့တွေ နွေးနေဆဲပါ..သည်လို မြင်ကြားခံစားရနေသည်မှာ… စက္ကန့်မခြား နှလုံးသားနဲ့အတူပါ…အသည်းအသက်နဲ့ ထပ်တူချစ်နေတာ…ဖြူစင်သော မေတ္တာ မှန်ကန်သော  သစ္စာ  ကျောက်ဆစ်ရုပ်လားပမာ အသည်းမှာ စွဲခိုင်မှာ မပျောက်ပြက်နိုင်ပါ………xxxxxxxx………အမြုတေပေါက်ဖွား ကျောက်သားသို့ အစဉ်ခိုင်မာ…မြင့်မြတ်သော အလှရဲ့ သစ္စာပါxxxx

ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…… ကျွန်မ ခန္ဓာကိုယ် တသိမ့်သိမ့်တုန်သွားပြီး အသံလာရာကို လှမ်းကြည့်မိသည်။ ဦးလေးနှင့် တက်ရောက်နေသော သင်တန်းသား သင်တန်းသူများအားလုံး တံခါးဝမှာ လက်ခုပ်များတီးလျှက် ကျွန်မတို့ကို ပြုံးပြီး ကြည့်နေကြသည်။ သူမ  စတင်ပြီး ငိုတော့သည်။ “အစ်မတို့ လုပ်နိုင်ပြီကွ” ဟု ကျွန်မ အော်ဟစ်လျှက် ကျွန်မ သူမကိုယ်လုံးလေးကို တင်းတင်းဖက်ပြီး အတူတူငိုမိသည်။ သူမ၏ မျက်လုံးများက မျှော်လင့်ချက် အားတက်မှု ပျော်ရွှင်မှု အမှောင်များထဲမှ လွတ်မြောက်မှု တို့ဖြင့် တလဲ့လဲ့တောက်ပနေကြသည်။ သူမ၏ မျက်လုံးထောင့်များမှ တွဲလွဲခိုနေသော မျက်ရည်စက်များကတော့ မျှော်လင့်ချက်အလင်းရောင်များဖြင့် တဖိတ်ဖိတ်လက်လျက်……….

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ထိုအချိန်လေးသည် ကျွန်မအတွက် ဂုဏ်ကျက်သရေ အပြည့်ဆုံးအချိန် ဖြစ်ပါသည်။ ကျွန်မအတွက် ကျေနပ်ပီတိမှုအရှိန်မြင့်မားဆုံးအချိန်ဖြစ်သည်။ ထိုအချိန်က ကျွန်မ၏ ခံစားမှုများကို စာနှင့်ပင် ဖော်ပြမရနိုင်အောင်ပင်။ သူမက ဆရာမကို ပြန်လည်ပြီး သင်ခန်းစာပေးနိုင်သော တပည့်မျိုးပင်ဖြစ်သည်။

“တစ်ဖက်သားကူညီခြင်းဖြင့် ရရှိလာသော ပီတိ…သူတစ်ပါး၏ မျှော်လင့်ခြင်း မီးတိုင်ကို မီးထွန်းညှိပေးရသော ပီတိ..မဖြစ်နိုင်ဘူးလို့ ပြောမယ့်အစား ဖြစ်အောင်ကြိုးစားတတ်ဖို့…” ဒါတွေကို သူမက ကျွန်မကို သင်ပေးခဲ့သည်။

ဝါလေး (PIC)
၁.၃၀ (နေ့လယ်)
၈.၇.၂၀၁၁ (သောကြာ)

No comments:

Post a Comment