9 Aug 2012

~~~ကွက်လပ်~~~




ကောင်းကင်ကြီးတစ်ခုလုံး အမည်းရောင် ဝတ်စုံကို ခြုံထားပြီ။ ဒါပေမယ့် လမ်းဘေးမီးတိုင်တွေ မော်တော်ကားမီးတွေ အဆောက်အအုံတိုင်းက လျှပ်စစ်မီးတွေကြောင့် အပြင်မှာ ထိန်ထိန်လင်းနေသည်။ ကြယ်တစ်လုံးမှ မရှိသော အဖော်မဲ့ကောင်းကင်ကြီးကို ကြည့်ပြီး အခန်းပြတင်းပေါက်ကို စိတ်မပါလက်မပါ ကျွန်မ လှမ်းပိတ်လိုက်သည်။ တစ်ကိုယ်လုံးကိုက်ခဲနေပြီး မအီမသာကြီးဖြစ်နေလို့ ဂွမ်းကပ်စောင်ကြီဲးခြုံပြီး ကွေးနေလိုက်သည်။  ပြီးတော့ ငြီးငွေ့စရာကောင်းလှသော ကျွန်မ၏ နေ့စဉ်လှုပ်ရှားမှုကို တွေးတောနေမိသည်။ နံနက်လင်းသည်နှင့် အလုပ်သွား မှောင်တော့ပြန်လာ နောက်နံနက်ပြန်လင်းတော့ အလုပ်သွားနှင့် ပုံစံခွက်ထဲမှာ ချာချာလည်ပတ်နေသည်။ ကျွန်မ ဘဝကို အလုပ်ထဲမြုပ်နှံထားခဲ့တာ အတော်ကြာပြီဖြစ်သည်။ အမိမြန်မာမြေကို စွန့်ခွာပြီး ဒီကျွန်းနိုင်ငံလေးကို လာကတည်းက ကျွန်မဆုံးဖြတ်ထားခဲ့ပြီးသား။ ငွေတွေအများကြီး အများကြီး ရှာမည်ဟု။

ဒီနိုင်ငံလေးကို ကျွန်မစရောက်တော့ အိပ်မက်များ စိတ်ကူးများစွာဖြင့် ကျွန်မ မြူးကြွပျော်ရွှင်နေမိသည်။ သာမန်မြို့ငယ်လေးတစ်ခုမှ လာသော ကျွန်မအတွက် ဒီနိုင်ငံလေးမှာ မြင်တွေ့သမျှအရာရာအားလုံးဟာ မျက်စိစူးလောက်အောင် တောက်ပြောင်နေလွန်းသည်။ အဆင့်မြင့် shopping mall များ ၊၂၄ နာရီ ထိန်ထိန်လင်းနေသောလျှပ်စစ်မီး ၊ပြောင်လက်နေသောကြမ်းခင်း၊ မိုးထိမြင့်မားသော အဆောက်အအုံများ ၊အပန်းဖြေစရာနေရာများစွာက ကျွန်မ စိတ်အာရုံကို လွှမ်းမိုးထားသည်။ အဲဒီတုန်းက ကျွန်မ စိတ်ထဲမှာ over time များများလုပ်ပစ်ပြီး ပိုက်ဆံတွေ ကုန်းရုန်းရှာမည်၊ ပြီးတော့ ကျွန်မလိုချင်တာတွေအားလုံး ရအောင်လုပ်မည်ဆိုတဲ့ အတွေးပဲ ရှိသည်။

အလုပ်မှာ ကျွန်မ အတိုက်အခံတွေ အများကြီး ကြုံရသည်။ ‘မြန်မာက လာတာ” ဟု ပြောလိုက်တိုင်း သူတို့အကြည့်တွေ စကားပြောဆိုပုံတွေ ပြောင်းသွားကြသည်။ ဒီအကြည့်တွေ ဒီအချိုးတွေက ဘာကို ဆိုလိုတယ်ဆိုတာ ကျွန်မကောင်းကောင်းကြီးသိတာပေါ့။ အလုပ်ကို သူတို့ထက်ပိုပြီး ကျွန်မ ကြိုးစားလုပ်တယ်။ အနားပေးတဲ့အချိန်မှာတောင် အနားမနေဘဲ အလုပ်အကြောင်း ပြိုင်ဖက်ကုမ္ပဏီ အကြောင်းသိအောင် ကျွန်မ အင်တာနက်ကို ကောင်းကောင်းအသုံးချသည်။ ကြိုးစားမှုကြောင့် ထိုက်သင့်တဲ့ ရာထူး လခတွေ တက်သည်။ တခြားနိုင်ငံကလာတဲ့လူတစ်ယောက်ကို ဒီလိုအခွင့်အရေးတွေပေးတာကို သူတို့နိုင်ငံသားတွေက သိပ်မကျေနပ်ချင်။ ကွယ်ရာတစ်ဖုံ ကျယ်ကျယ်တစ်ဖုံ အတင်းပြောသည်…အားနည်းချက်ကို လိုက်ဟား..ဟာကွက်ကို လိုက်ထောက်ကြသည်။ ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေကို ကျွန်မ မြိုသိပ်ရင်း အားတင်းထားခဲ့သည်။ ကြာတော့လည်း ဒါတွေအားလုံးကို ကျွန်မ မျက်နှာအရေခွံထူထူနဲ့ ပြုံးပြီး ကျွန်မကို ပြောနေတာမဟုတ်သည့်အတိုင်း နားထောင်တတ်နေပြီ။

ကျွန်မ မက်မက်မောမော တမ်းတလှပါသည်ဆိုသော ငွေ…အဆင်မြင့်မြင့်နေထိုင်မှု ..အဝတ်အစားလှလှတွေ..ဒေါက်ဖိနပ်မြင့်မြင့်တွေ..နောက်ဆုံးပေါ်လက်ကိုင်အိတ်တွေ အားလုံး ပိုင်ဆိုင်ပြီး အခုချိန်မှာတော့ ကျွန်မ ထင်သလောက် မပျော်ရွှင်တော့သည်မှာ အံ့သြစရာပင်။ လိုချင်တာတွေ တစ်ခုပြီး တစ်ခု ပိုင်ဆိုင်လာတဲ့အချိန်မှာ တစ်ကယ်တမ်း ကျွန်မ မပျော်ရွှင်ခဲ့ပါ။ တစ်ချိန်တုန်းက တောက်ပ ခမ်းနားသည်ဟု ထင်ခဲ့သည် အရာတွေအားလုံးက အခုချိန်မှာတော့ မှေးမှိန်နေသည်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကျွန်မရဲ့ အသုံးအဆောင်တွေအပေါ် အထင်တကြီး အကြည့်တွေ အရင်ကခုံမင်သာယာခဲ့သောလည်း  အခုချိန်မှာ ကျွန်မအတွက် သိပ်ပြီး အဓိပ္ပါယ် မရှိတော့။ လုပ်ဖော်ကိုင်ဖက်တချို့ရဲ့ ပျားသကာလို ချိုမြိန်တဲ့ စကားတွေ ချီးမွမ်းသံတွေက နားအမြင်ကပ်စရာဖြစ်လာသည်။

“အား ပူလိုက်တာ”  ကိုယ့်နဖူးကိုယ် စမ်းကြည့်တော့ အဖျားတော်တော်တက်နေပြီ။ ခြေလက်တို့လေးလံစွာဖြင့် ပရာစီတမောကို ရေအေးတစ်ခွက်နဲ့ မော့ချပြီး ခုတင်ပေါ်ကို ခြေပစ်လက်ပစ်လှဲချပစ်လိုက်သည်။ ဂွမ်းစောင်ကို လှမ်းဆွဲခြုံပြီး ကျွန်မ အလုပ်ထဲက ကျွန်မနှင့် အခင်ဆုံးဟု ယူဆထားသည့် တစ်ယောက်ကို လှမ်း မက်ဆေ့ခ်ျပို့လိုက်သည်။
“hey, I was very sick. I am alone. ” L (ငါအရမ်းဖျားနေပြီ..အိမ်မှာလည်း ငါတစ်ယောက်တည်းပဲ)
တအောင့်လောက်နေတော့ မက်ဆေ့ခ်ျဝင်လာသည်။ မျှော်လင့်ချက်တကြီးကောက်ဖတ်လိုက်တော့…
“oh! Get well soon! J” (အို ဟုတ်လား..မကြာခင်နေကောင်းလာပါစေနော်)
ဖတ်ရင်းဖြင့် ကျွန်မ မျက်ရည်ဝဲလာသည်။ ဒါ မဟုတ်….ကျွန်မ မျှော်လင့်ထားတာ ဒါမဟုတ်။      


အံကို တင်းတင်းကြိတ်ပြီး ကျွန်မ ကြိုးစားအိပ်သည်။ အိပ်လို့ လုံးဝမရ။ လူးလှိမ့်ရင်း ကျွန်မရဲ့ တစ်ဦးတည်းသော ဆွေမျိုးဖြစ်တဲ့ ညီမလေးကို လှမ်းသတိရသည်။ ကျွန်မ ဒီိကို စထွက်လာတော့ ညီမလေးကလုံးဝမသွားစေချင်။ မိဘတွေ ထားသွားခဲ့တဲ့ အိမ်ဆိုင်လေးက ကျွန်မတို့ ညီမနှစ်ယောက် အတွက် တစ်ဝမ်းတစ်ခါးတော့ စားလောက်သည်။ ခေါင်းမာလွန်းတဲ့ ချမ်းသာချင်လွန်းတဲ့ ကျွန်မက နိုင်ငံခြားကို ထွက်လာခဲ့ပြီး ညီမလေးကတော့ မိဘတွေ ထားခဲ့တဲ့ အိမ်မှာပဲ အိမ်ဆိုင်လေးကို စောင့်ရှောက်ရင်း နေရစ်သည်။ နှစ်စဉ်ကျွန်မ ညီမလေးဆီ မပြန်နိုင်ပေမယ့် နှစ်ဝက်တိုင်း ငွေလှမ်းပို့နိုင်အောင်တော့ ကျွန်မ ကြိုးစားသည်။ ညီမလေးကို တွေးရင်း အတိတ်က အဖြစ်အပျက်တစ်ခုက ခေါင်းထဲမှာ ဝေဝေဝါးဝါးပေါ်လာသည်။

ငယ်ငယ်က ကျွန်မတို့ အိမ်မှာ တီဗွီမဝယ်နိုင်။ ညနေစောင်းတိုင်း ကျွန်မက ကျွန်မညီမလေးလက်ကို ဆွဲရင်း နှစ်အိမ်ကျော်က သူဌေးအိမ်မှာ တီဗွီသွားကြည့်နေကျ။ အဲဒီအိမ်မှာ ကျွန်မ ညီမလေးနဲ့ အရွယ်တူ ကလေးမလေးတစ်ယောက်ရှိတယ်။ တစ်ဦးတည်းသော သမီးလေးလည်းဖြစ် သူဌေးသမီးလဲ ဖြစ်ဆိုတော့ ကောင်မလေးက စွာကျယ်စွာကျယ်နိုင်သည်။ အဲဒီတုန်းကတော့ တီဗွီကြည့်ချင်သည့်ဇောဖြင့် ကျွန်မ အဲဒီကလေးမ ပြောသမျှ သည်းခံသည်။ တနေ့..ကျွန်မနဲ့ ညီမလေး သူတို့ တီဗွီရှေ့မှာ ကြုံ့ကြုံ့လေးထိုင်ရင်း တီဗွီကြည့်နေတုန်း ကလေးမလေးက မပြောမဆို ကျွန်မ ပေါင်ကို လာကုတ်ဆွဲသည်။ ဒေါသတကြီးဖြင့် ကျွန်မ အဲဒီကလေးမကို ဘုကြည့်ကြည့်ရင်း နင်ဘာလို့ ငါ့ကို ကုတ်ဆွဲတာလဲ လို့ ပြန်အော်လိုက်တယ်။ ကလေးမက ရုတ်တရက်ကြောင်သွားပြီးတော့ ဆက်ပြီး ထပ်ခါ ထပ်ခါ ကုတ်ဆွဲသည်။ 

ကျွန်မ ပေါင်မှာ အနီရောင်အစင်းကြောင်းတွေ ထင်ကုန်သည်။ ညီမလေးက မြင်တော့ ငိုပြီး ကလေးမလေး လက်ကို ဆွဲဖယ်ပြီး နင်ငါ့အစ်မကို ဘာလို့ ကုတ်တာလဲ ဟု အသားကုန်အော်သည်။ ကလေးမလေး အမေရောက်လာပြီး ကျွန်မပေါင်မှ အစင်းကြောင်းတွေကိုမှ ဂရုမစိုက် ကျွန်မတို့ကို လှမ်းအော်သည်။ “ဟဲ့.ဟဲ့...ညည်းတို့က သူများအိမ်မှာလည်း လာပြီး တီဗွီကပ်ကြည့်သေး ငါ့သမီးလည်းအော်သေး ဘယ်နှယ့်ဟာမလေးတွေလဲ အခုချက်ချင်း ထွက်သွား”။ ကျွန်မ ညီမလေးလက်ကို ဆွဲပြီး ချက်ချင်း အဲဒီအိမ်မှ လှည့်ထွက်ခဲ့သည်။ လှေကားတွေကို တစ်ထစ်ပြီး တစ်ထစ်ဆင်းတုန်းက ကျွန်မခံစားခဲ့ရတဲ့ ထိတ်လန့်မှု အံ့သြမှု ရှက်ရွံ့မှုတွေကို ကျွန်မ လုံးဝ မမေ့သေး။ အဲဒီကတည်းက ကျွန်မ တေးမှတ်ထားခဲ့သည်..သူတို့ထက်ပိုပြီး ချမ်းသာရမည်ဟု။ ။
မခေါ်ဖြစ်တာ အတော် ကြာပြီဖြစ်တဲ့ ဖုန်းနံပါတ်ကို နှေးကွေးစွာ နှိပ်နေတုန်း ကျွန်မဆီ ဖုန်းဝင်လာသည်။ လှမ်းကိုင်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ညီမလေးဖြစ်နေတယ်။ ကျွန်မ သူ့ကို လိုအပ်နေသည့် အချိန် သူ့ဆီက ဖုန်းဝင်လာတော့ တော်တော်အားတက်သွားသည်။

--“ဟလို …ဟလို သင်းလား ”
“မမ..မမလား……နင်တအားနေနိုင်တယ် ဖုန်းတောင်မဆက်ဘူး..ငါ သတိရနေတာ.. အဲဒါနဲ့ ဖုန်းဆိုင်ကနေ နင့်ဆီကို လှမ်းခေါ်လိုက်တာ”
--“မခေါ်ဆို ..မအားဘူးဟ…အလုပ်သွားလိုက် အပန်းဖြေခရီးတွေ သွားလိုက်နဲ့…ဒီမှာ ပျော်စရာကြီးဟ”  တုန်နေသော အသံကို ထိန်းရင်း ကျွန်မ လှမ်းပြောလိုက်သည်။
“ဟင် ပျော်တယ်ဆိုပြီး နင့်အသံကြီးက မတက်ကြွလိုက်တာ”
--“အေး……ငါနေမကောင်းဘူး စိတ်မပူပါနဲ့”
“ဆေးရော သောက်ပြီးပြီလား…ဆေးခန်းရောသွားလား…ဆန်ပြုတ်ကော လုပ်သောက်ရဲ့လား…နွေးနွေးထွေးထွေးရော ရှိရဲ့လား...တော်တော်ဖျားနေလား…ငါဘာလုပ်ပေးရမလဲဟင်”
တရစပ်မေးလိုက်သော မေးခွန်းတွေကြောင့် ကျွန်မ ရယ်ချင်သွားသည်။ ရင်ထဲမှာလည်းနွေးထွေးသွားသည်။ အတော်ကြာခဲ့ပြီ။ ကျွန်မအပေါ်လူတစ်ယောက်က ဒီလို ဂရုတစိုက်မေးခွန်းတွေ  အမေးမခံရတာ..ဂ၇ုစိုက်မခံရတာ။ ကိုးရီးကားအလွန်ကြည့်သည့် သူမကို ကျွန်မက နောက်ချင်သည့် စိတ်ဖြင့်

--“ ငါ သွေးကင်ဆာ ရရင်ဘယ်လိုလုပ်မလဲ..ပါးစပ်ထဲက သွေးတွေ အန်တယ်”
တစ်ချက်တိတ်သွားပြီး သူမက “နင် …မသေရဘူး…နင့်ကို ငါ့ ရိုးတွင်းခြင်ဆီပေးပြီး ကယ်မယ်...နင့်အတွက် ငါတကယ် အသက်စွန့်နိုင်တယ်”

ရုတ်တရက် ကျွန်မ ဆွံ့အသွားသည်။ အငယ်ဖြစ်သော သူမပါးစပ်မှ ကျွန်မကို သူ့အသက်ပေးပြီး ကာကွယ်မယ်တဲ့။ ကျွန်မ မျှော်လင့်ထားသော အဖြေမဟုတ်တဲ့ သူမ အဖြေက ကျွန်မရင်ထဲကို နက်နက်ရှိုင်းရှိုင်း လှိုင်းခတ်သွားသည်။ ကျွန်မ သူမကို လှမ်းပြောလိုက်သည်။

--“ငါ ဒီအပတ်ထဲ ပြန်လာခဲ့မယ် သိလား..သင်း”

သူမက ဝမ်းသာအားရဖြင့် စကားတွေ တရစပ်ပြောသည်။ ဘာသံမှ ကျွန်မ သဲသဲကွဲကွဲ မကြားတော့။ အတိုင်းမသိ ဝမ်းသာမှုဖြင့် ကျွန်မ ရှိုက်ကြီး တငင် ငိုချလိုက်သည်။    ။။။။


ဝါလေး
၁၁.၂၆ ည
၂၀၊၇၊၂၀၁၂

No comments:

Post a Comment