15 Oct 2011

~~~ငြိမ်းချမ်းသော သိမ်မွေ့သော နူးညံ့သော~~~



လေပြေလေညှင်းက တဖြတ်ဖြတ်နှင့် ဖြေးညင်းစွာ တိုက်ခတ်နေသည်။ လေပြေလေညှင်းများရဲ့ အလိုအတိုင်း သူမရဲ့ ဆံနွယ်များက တဖြတ်ဖြတ် စကတ်အစွန်းများက တဖြတ်ဖြတ် လှုပ်ရှားနေသည်။ အသက်တစ်ဝကြီး သူမ ရှူလိုက်သည်။ နှာခေါင်းဝမှာ တိုးဝင်သွားတဲ့ လတ်ဆတ်တဲ့လေကို တမေ့တမောရှူရှိုက်ရင်း သူမ နှုတ်ခမ်းဒေါင့်များ ကွေးတက်သွားသည်။ဘေးဘီကို ကြည့်လိုက်တော့ မျက်စိတစ်ဆုံး ဝါဝါဝင်းနေတဲ့ ပန်းမွေ့ရာကြီး။နေရောင်ဖျော့ဖျော့အောက်မှာ သူတို့တွေပုံစံက ပြုံးရယ်နေသယောင်။ စိတ်ကြည်နူးစရာကောင်းလိုက်တာ။ သူမ လက်နှစ်ဖက်ကို ဖြန့်ကျက်ရင်း ပတ်ချာလှည့်လိုက်သည်။နူးညံ့သော နေကြာပန်းများ၏ အထိအတွေ့က သူမကို ပြုံးရယ်စေသည်။ ဘယ်လောက် ကဗျာဆန်ပြီး မှော်ဝင်တဲ့ ညနေခင်းလေးပါလိမ့်။ သူမ သူ့ဘက်ကို လှည့်ကြည့်လိုက်တော့ သူက သူမကို တစ်ချက်ကြည့်ရင်း မျက်နှာလွှဲကာ လတ်ဆတ်သောလေကို တယုတယရှုလိုက်သည်။

xxxxx

အကြော်ဆိုင်လေးမှာ စောင့်နေသော သူ့ကို တွေ့တော့ သူမ မပြေးရုံတမယ် ခြေလှမ်းသွက်သွက်လှမ်းမိသည်။ ဒီသတင်းကောင်းကို ချစ်ရသူ သူ့ကို သူမ ပြောပြချင်စိတ်အရမ်းစောနေသည်။
  
“မောင်ရေ မောင်…မောင်….ဒီနေ့ ဘာဖြစ်လာလဲ သိလားဟင်”
“ဟား…… ခြူးက ဘာဖြစ်လာလို့လဲ”
“ဒီနေ့လေ ရုံးမှာ သူဋ္ဌေးက ခြူးကို ရာထူးတိုးပေးလိုက်ပြီ သိလား အဲဒါလေ ခြူးကို လူတွေက အားကျနေတဲ့မျက်လုံးနဲ့ ကြည့်နေကြတာများ မောင့်ကို မြင်စေချင်တာ”
“အော်…ကောင်းတာပေါ့ ခြူးရဲ့ ကွန်ဂရက်ကျူလေးရှင်း” ပြုံးရင်း သူ ဆိုလာသည်။
“ဒါနဲ့ ခြူးဘာစားချင်လဲဟင် ဗိုက်ဆာနေရောပေါ့”
“ခဏနေပါအုံး မောင်ရဲ့ အဲဒါလေ ခြူးတို့ရုံးက ခြူးကို လိုက်ပြိုင်နေတဲ့ မြင့်မြင့်ဝေဆိုတာ မောင်သိပါတယ် သူဆို ခြူးကို မခံချိမခံသာ အပြုံးနဲ့ ကပ်ဖားနေရပြီ မောင်ရဲ့ အခု သူဋ္ဌေးက ပေးအပ်ထားတဲ့ စီမံကိန်းမှာ ခြူးက ပါးပါးနပ်နပ်ဆောင်ရွက်နိုင်လို့တဲ့လေ…အဲဒီတုန်းက ခြူးမှာ ခေါင်းစားလိုကိရတာ မောင်ရယ်…အခက်အခဲတွေကလည်း….”
“ခြူးရေ…အဲဒါတွေက ပြီးသွားပြီလေ အခုအချိန်က ကိုယ်တို့ ချိန်းတွေ့နေကြတာလေ အချိန်လေးတွေကို တန်ဖိုးရှိရှိနဲ့ ကုန်ဆုံးရအောင်နော်”

သူမ စိတ်ထဲ တစ်ခုခုနဲ့ ဆောင့်မိသလို အောင့်ခနဲဖြစ်ပြီး အခံရခက်သွားသည်။ သူ သူမအတွက် ဝမ်းမသာဘူးလား။ သူမအတွက် သူစိတ်ရှည်ရှည်ထားမပေးနိုင်ဘူးလား။ သူ့အတွက် “အော်…ကောင်းတာပေါ့ ခြူးရဲ့ ကွန်ဂရက်ကျူလေးရှင်း”  ဆိုတဲ့ ဝတ်ကျေတန်းကျေစကားတွေ အစား ဒီ့ပြင် ဘာထူးထူးခြားခြားစကားမရှိတော့ဘူးလား။ သူမ ဒီစီမံကိန်းအတွက် ဘယ်လောက် ကြိုးစားခဲ့ရတယ်ဆိုတာ သူမသိဘူးလား။ ထိုညနေမှာတော့ သူက စကားတွေ တတွတ်တွတ်ပြောနေသလောက် သူမ အသာငြိမ်နေမိသည်။

xxxxx

“ခြူးရေ ခြူးအတွက်” ပန်းစည်းလက်ဆောင်ကို ပေးရင်း သူဆိုလာသည်။ နှင်းဆီပန်းဝါဝါလေးတွေကို တရှိုက်တမက်ရှူရင်း သူမ ပြုံးမိသည်။ သူမရဲ့ မွေးနံ ဗုဒ္ဓဟူးနေ့ ရောက်တိုင်း သူမကို နှင်းဆီပန်းအဝါရောင် တစ်စည်းကို မပျက်မကွက် လက်ဆောင်ပေးတတ်သည်။ သူ့ကို သူမ ချစ်မိသွားတာတွေထဲမှာ အဲဒါတွေပါတာပေါ့။ သူက မြတ်မြတ်နိုးနိုးဖြင့် ယုယတတ်သည်။

သူက သူမလက်ကလေးတွေကို တယုတယဆုပ်ကိုင်ရင်း ပတ်ဝန်းကျင်ကို တမေ့တမောကြီး ကြည့်နေသည်။ ကဗျာဆရာဆန်စွာ ပန်းလေးတွေ ဘယ်လောက်လှကြောင်း ငှက်ကလေးတွေ ထပျံသွားတာ ဘယ်လောက်လှကြောင်း ဖွဲ့နွဲ့ပြောနေတတ်သည်။ သူမအတွက် ဘာမှ မဟုတ်သည့်အရာလေးတွေက သူ့အတွက် အံ့သြစရာကောင်းအောင် လှပနေသည်။

အဲဒီနေ့က သူ သူမကို လက်ထက်ခွင့် တောင်းလာသည်။ အနောက်တိုင်းကားများထဲကလို သူမအား ဘယ်လက်သူကြွယ်မှာ လက်စွပ်စွပ်ပေးရင်း မြတ်မြတ်နိုးနိုး လက်ထပ်ခွင့်တောင်းလာခြင်းဖြစ်သည်။ ညနေစောင်းအချိန် ပန်းခြံက ခုံတန်းလေးပေါ်တွင် ချစ်ရသူက လက်ထပ်ခွင့်တောင်းလာခြင်းမှာ ဘယ်လောက် စိတ်ကူးယဉ်ဆန်ပါသလဲ။ သူမ ကြည်ကြည်နူးနူးဖြင့် ခေါင်းညိမ့်ခဲ့သည်။
နောက်ပိုင်း သူနှင့်သူမ၏ စကားဝိုင်းများထဲတွင် သူမက နောင်ရေးအတွက် ထည့်ပြီး ပြောသည်။ 
သူကတော့ အဲဒါတွေ ကြိုပြီးစဉ်းစားသည့် ပုံမပေါ်။ သူမက စိုးရိမ်ပူပန်စွာဖြင့် အိမ်တစ်အိမ်အမြန်ဝယ်ရန်ပြောတိုင်း သူ့ရဲ့ “မောင် ကြိုးစားနေတယ်” ဟူသော စကားမှ အပ သူမ ဘာမှ သေသေချာချာ မကြားရ။ ဒီလောက် ကုန်ဈေးနှုန်းတွေ ဒီရေလိုတက်နေသော ခေတ်ကြီးတွင် လက်ထပ်ပြီးလျှင် အဆင်မပြေဖြင့် နေရမည့် ဘဝကို သူမ ကြောက်ရွံ့သည်။ ထို့ကြောင့်လည်း အလျဉ်းသင့်သလို သူမ သူ့အား လောဆော်မိသည်။ သူမကသာလျှင် သူ့အား ဘဏ်စာအုပ်ထဲမှာ ငွေတွေစုထားဖို့ အိမ်ဈေးတွေ စုံစမ်းထားဖို့ အလုပ်ကို ပိုပြီးလုပ်ဖို့ ကုန်ဈေးနှုန်းတွေ ဘယ်လောက်ကြီးလာကြောင်း တတွတ်တွတ်ပြောနေသော်လည်း သူ့ဆီမှ “ ကြိုးစားနေတယ်” အပြင် သူမ စိတ်ကျေနပ်လောက်စရာ အဖြေမရခဲ့။ သူ့ဘက်မှ လည်း ထိုကဲ့သို့အရာတွေ စတင်မဆွေးနွေးခဲ့ ဘယ်တော့မှလည်း တွေးမပူခဲ့။ ကြာလာတော့ သူ့အား သူမကို တစ်ကယ်တန်ဖိုးထားတာများ ဟုတ်ပါလေစ ဟု သံသယဖြစ်လာလေပြီ။

သူမရဲ့ ဘဝမှာ အကြီးမားဆုံးအမှားကို သူမ ကျူးလွန်မိပြီဟု စတင်တွေးမိချိန်မှာတော့ သူမအတွက် အချိန်နှောင်းသွားပြီ။ သူမ သူ့ကို တစ်ကယ်ပင် ချစ်မိသွားပြီ။ သူက အရာရာကို အလေးအနက် မထားတတ်။ သူမထက်ငယ်လို့ အရာရာကို ပေါ့ပေါ့တန်တန်ဖြစ်နေသည် ဆိုလျှင်တော့ ဖြေသာလို့ရသေးသည်။ အခု သူက သူမထက် (၄) နှစ်တိတိကြီးသည်။ သူက သူမ လောက်ပင် လေးလေးနက်နက် ပူပူပန်ပန် အရှည်ကို မတွေးတတ်။ သူမလို အရာရာကို မျှော်တွေးကာ ပူပန်စဉ်းစားတတ်သောသူက သူ့လို ပေါ့ပေါ့ပါးပါးနေတတ်သော သူမျိုးကို ဘဝလက်တွဲဖော်အဖြစ်ထိရည်ရွယ်ကာ ချစ်ခဲ့သည်။ သူမရဲ့ အောင်မြင်မှုတွေကြားတိုင်း သူ အံ့သြမှုမပြခဲ့သလို သူမရဲ့ ကျရှုံးမှုတွေကြုံရတိုင်း သူကျေနပ်လောက်အောင် သူမအား နှစ်သိမ့်မှု မပေးခဲ့။ သူမဟာ သူ့အတွက် အပြင်လူလိုများ ဖြစ်နေပြီလား။ အခုတော့ သူမ သူ့ကို အရမ်း စိတ်ကုန်နေပြီ။

xxxxxx

အခုဆို သူမ သူ့ကို မခေါ်မပြောဖြင့် စိတ်ကောက်တာ (၁) ပတ်ရှိတော့မည်။ သူ့ဖက်မှ သူမအား ပုံမှန်ဆက်သွယ်နေပါသော်လည်း သူမ ရှောင်ခဲ့သည်။ သူမ တစ်ကယ်ကို စိတ်ကုန်နေလေပြီ။ ထိုအပတ် ဗုဒ္ဓဟူးနေ့မှာ သူ့ဆီမှ နှင်းဆီပန်းစည်းကို သူမ မပျက်မကွက် လက်ခံရရှိခဲ့သည်။ ထိုထဲမှ စာတွင် သူ စနေနေ့နံနက်စောစောတွင် သူမအား တွေ့ရန် အိမ်အောက်တွင် စောင့်နေမည့်ကြောင်း ပြောထားသည်။
စနေနေ့တွင် သူမ အားတင်းပြီး သူ့အား ထွက်မတွေ့ရန် ဆုံးဖြတ်ထားသည်။ 

သူပြန်သွားပြီအမှတ်ဖြင့် နေ့လယ်ခင်းအချိန် သူမ အခန်းပြူတင်းခန်းဆီးမှ အပြင်လမ်းမပေါ်ကို ကြည့်လိုက်တော့ သူက ပန်းစည်းနှင့် သူမရှိရာ အခန်းသို့ မော်ကြည့်နေသည်။ သူမ ဆက်ပြီး တောင့်ခံနိုင်စွမ်းအား မရှိတော့။ သူ့ဆီကို အပြေးကလေးသွားတော့ သူက သူမအား ပန်းစည်းလက်ဆောင်ပေးရင်း တက်ခ်စီငှားရင်း သူနဲ့ လိုက်ပေးဖို့ တောင်းဆိုလာသည်။
တက်ခ်စ်ီပေါ်မှာ သူမ ငြိမ်လျက်သားပင် လိုက်ပါလာသည်။ သူရဲ့ အပြုအမူများကိုလည်း အံ့သြနေမိသည်။ သူမောင်းခိုင်းနေသည့် ဦးတည်ရာက သူမတို့နှစ်ယောက်သွားနေကျ အကြော်ဆိုင် ပန်းခြံတွေ မဟုတ်။ ရုတ်တရက် တက်ခ်စီက သပ်သပ်ရပ်ရပ်လေးဆောက်ထားသော ပျဉ်ထောင်အိမ်လေးနားမှာ တုန့်ခနဲ ရပ်သွားသည်။ သူမ ကားပေါ်မှ လှမ်းငေးကြည့်လိုက်တော့ အိမ်လေးက ရှေ့မှ ပန်းအိုးလေးများဖြင့် နေချင်စရာဖြစ်သည်။ သူ့ဘက်ကို လှည့်ကြည့်တော့ သူက သူမအား အကဲခတ်နေသယောင်ကြည့်ပြီး “အိမ်လေးက လှတယ်မလားဟင်” လို့မေးလိုက်တော့ သူမ ခေါင်းညိမ့်ပြလိုက်သည်။ သူမ ဖြစ်စေချင်နေတာ တစ်ခုခုများ ပြောမလား ဟူသော အတွေးဖြင့် သူ့ကို ကြည့်လိုက်သော်လည်း သူဘာမှ ဆက်မပြောတော့။

ထို့နောက် တက်ခ်စီဒရိုင်ဘာအား သူတစ်ခုခုကပ်ပြောပြီး ဆက်မောင်းစေသည်။ သူမ ပဟေဠိဆန်သော သူ့အပြုအမူတွေကို တွေးနေတုန်း  ကားက မြို့အစွန် နေကြာပန်းခင်းနားမှာ ရပ်သွားသည်။

xxxxx

သူ နှင့် သူမ နေကြာပန်းခင်းတွေထဲ တိတ်ဆိတ်စွာ ဖြတ်လျှောက်လာသည်။ သူက ရုတ်တရက် သူမ ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းကိုင်ပြီး လေးနက်တည်ကြည်သော အသံဖြင့်ဆိုလာသည်။

“ခြူးရေ မောင့်ကို မင်း အလေးအနက်ထားသူ မဟုတ်ဘူးလို့ စွပ်စွဲဖူးတယ်နော် မောင်ဟာ ခြူးရဲ့ အောင်မြင်မှုတွေကို မနာလိုသူလို့လည်း ပြောဖူးတယ်နော် မောင်ဟာ ဘာကိုမှ တွေးမပူတတ်ဖူးဘူးလို့လည်း ခြူးပြောဖူးတယ် မောင့်ရဲ့ ခံယူချက်ကို ခြူးကို ရှင်းပြချင်တယ် လူတော်တော်များများဟာ လက်ရှိအချိန်မှာ မရှင်သန်ကြဘူး ခြူးရဲ့ သူတို့ဟာ အနာဂတ်နဲ့ အတိတ်မှာပဲ တဝဲလည်လည်ဖြစ်နေကြတယ်၊ အနာဂတ်အတွက် တွေးပူကြတယ် ဒါပေမယ့် အနာဂတ်အတွက် တွေးပူနေရုံနဲ့ အနာဂတ်က လှပလာရောလား အတိတ်ကအရာတွေက ပြန်စားမြုံ့ပြန်ကြတယ် ဒါပေမယ့် အတိတ်က ပြီးသွားပြီလေ၊ တန်ဖိုးရှိတဲ့ လက်ရှိအချိန်ကို မေ့မြောနေကြရင်း အတိတ်နဲ့ အနာဂတ်ကိုပဲ တွေးတောမျှော်မှန်းနေတာ ဘယ်လောက်နှမြောစရာကောင်းလိုက်လဲ၊ လက်ရှိမှာ ဖြစ်ပျက်နေတဲ့ အလှအပတရားတွေကို လျစ်လျူရှုပြီး ပြီးသွားတဲ့ မရောက်သေးတဲ့ အချိန်တွေကို တမ်းတမျှော်မှန်းပူပင်နေကြပြီး ဘယ်လောက်မတန်လိုက်သလဲ…ကိုယ့်ရဲ့ ခံယူချက်နဲ့ ပတ်သက်ပြီး ခြူး ကိုယ့်အပေါ် အဓိပ္ပါယ်ကောက် မှားကောင်းမှားနိုင်ပါတယ်… စောနက ပြခဲ့တဲ့ အိမ်လေးကို ကိုယ် ပုံမှန်စုထားတဲ့ ငွေလေးနဲ့ ဝယ်ပြီးသွားပါပြီ…ခြူးပြောပြောနေတဲ့ အနာဂတ်အတွက် တွေးပူနေမယ့်အစား ယခုအချိန်ကို ကောင်းကောင်းမွန်မွန်အသုံးချပြီး ကြိုးစားတာက အနာဂတ်အတွက် ပိုပြီး စိတ်ချရတယ် …လက်ရှိကို ကောင်းကောင်းမွန်မွန်တန်ဖိုးထားတာပါ ခြူးရယ်”

သူ့ဆီမှ မမျှော်လင့်သော စကားတွေ ကြားရတော့ သူမ အံ့သြသင့်သွားသည်။ နေကြာပန်းခင်းကြီးကို ကြည့်ရင်း သူ့စကားလုံးတွေကို သူမ ထပ်ခါတလဲလဲ ကြားနေမိသည်။ “မောင့်ကို စိတ်ဆိုးတုန်းပဲလား”  ဟု တိုးလျသော လေသံ သဲ့သဲ့လေးကို သူမကြားလိုက်သည်။ သူမ တော်တော်ကြာအောင် ပြန်မဖြေမိ။
သူမ စတင်ပြီး ဘေးပတ်လည်ကို သတိထား ကြည့်လိုက်သည်။ လေအဝှေ့မှာ လှုပ်ခတ်သွားသော နေကြာပန်းပွင့်ချပ်များ၊ ပန်းများအပေါ်တွင် နားနေကာ ဝတ်ရည်ကို စိမ်ပြေနပြေ စုပ်နေသော လိပ်ပြာလေးများ၊ နူးညံ့စွာတိုက်နေသော လေ၏ အထိအတွေ့ ၊အနောက်ဘက်ဆီသို့ ပျံသွားသော ငှက်များ၏ တဖျတ်ဖျတ်တောင်ပံခတ်သံများ..အို..ဒါတွေအားလုံးဟာ တကယ့်ကို ထူးခြားစွာ နူးညံ့သိမ်မွေ့စွာ ဖြစ်ပျက်နေတာပါကော။ သူမ အရင်လို စိတ်မျိုးနဲ့သာဆို ဒီလိုအရာတွေ ခံစားတတ်မည်မဟုတ်။ အခုဆို သူမ စိတ်ထဲမှာ အတိတ်တွေ အနာဂတ်တွေ မရှိတော့။ ပထမဦးဆုံးအကြိမ် သူမ စိတ်ထဲ၏ ငြိမ်းချမ်းမှုကို သူမ ခံစားရသည်။ သူမ သူ့ဘက်ကို လှည့်ကြည့်လိုက်တော့ သူက သူမကို တစ်ချက်ကြည့်ရင်း မျက်နှာလွှဲကာ လတ်ဆတ်သောလေကို တယုတယရှုလိုက်သည်။ သူမ သူ့ဆီသို့ ဖြေးညင်းစွာ လျှောက်သွားပြီး သူ့လက်မောင်းပေါ်ကို ခေါင်းလေးမှီကာ
“မောင် …မောင့်ကို စိတ်ဆိုးတာ အတိတ်ကလေ…အခု နေကြာပန်းခင်းကြီးနဲ့ ညနေဆည်းဆာက အရမ်းလှတယ် မောင်ရဲ့ အခုအချိန်လေးတွေကို တန်ဖိုးရှိရှိနဲ့ ကုန်ဆုံးရအောင်နော်”သူမ ချွဲချွဲနွဲ့နွဲ့ ပြောလိုက်သည်။

ချစ်သူနှစ်ဦး၏ ရယ်သံသဲ့သဲ့လေးက လေပြေလေညှင်းနှင့်အတူ နေကြာပန်းလေးတွေကြားဖွဖွလေး ရိုက်ခတ်သွားသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဝါလေး
၉.၁၇ မိနစ်
၎.၉.၂၀၁၁