1 Nov 2011

အမေ့ရဲ့ ဒိုင်ယာရီ



ကြည်ပြာ နိုင်ငံခြားကို ကျောင်းသွားတက်တုန်းက ကြည်ပြာတို့ တစ်မိသားစုလုံး လိုက်ပို့ခဲ့ကြတယ်။ အဲဒီတုန်းက ကြည်ပြာလေ ငိုချင်လိုက်တာ မပြောပါနဲ့။ ဒီလို အိမ်နဲ့ မခွဲဖူးဘူးလေ။ အဲဒီတုန်းက လေဆိပ်မှာ ကြည်ပြာ အမေ့ကို ခပ်တင်းတင်းလေး ဖက်ထားမိလိုက်တယ်။ တစ်ကိုယ်လုံးနွေးထွေးသွားပြီး အချိန်တွေ ရပ်တန့်သွားရင် ကောင်းမှာပဲလို့ တွေးခဲ့ဖူးတယ်။ အဲဒီတုန်းက အမေ့ရဲ့ ကိုယ်သင်းရနံ့လေးကို ကြည်ပြာ အခုထိ မှတ်မိသေးတယ်။

နိုင်ငံခြားမှာ ရုန်းကန်လှုပ်ရှားရင်း ဟိုဟို ဒီဒီ ပြေးလွှားနေရတာလည်း နှစ်ပေါင်းသုံးနှစ်တောင် ရှိလာပြီ။ အသက်လည်း ပိုကြီးလာသလို ကြည်ပြာပို ပြီး ရင့်ကျက်မှု ရှိလာတယ်လို့လည်း ထင်မိတယ်။ ကြည်ပြာ ဝတ်တာ စားတာက အစ ဟိုတုန်းက တောသူမလေးလိုမဟုတ်ဘဲ ခေတ်မီလာပြီ။ အဲဒီလို ပြောင်းလဲ လာပေမယ့် ကြည်ပြာရဲ့ မပြောင်းလဲတဲ့ အချက်ကတော့ အမေ့ကို အရမ်းတွေ့ချင်စိတ်ပါပဲ။ အမေရဲ့ ကိုယ်သင်းရနံ့လေးကို တမ်းတဆဲ။ ဝမ်းနည်းစရာတွေ့လာရင် နှုတ်က  အမေ အမေလို့ တမ်းတဲ ခေါ်ဆဲ။

နွေရာသီ ကျောင်းပိတ်ရက်ရှည်များရောက်လာတော့ အိမ်ပြန်ဖို့ ပြင်ရင်းဆင်ရင်း ကြည်ပြာ ပျော်နေမိတယ်။

မွေးရပ်မြေရောက်တော့ အစစအရာ ပြောင်းလဲလာမှုတွေ ကြည့်ရင်း ကြည်ပြာအံ့သြမိတယ်။ တဝီဝီသွားနေတဲ့ ဆိုင်ကယ်တွေ ဝတ်စားမှုပုံစံပြောင်းလဲလာတဲ့ လူတွေ ပြောင်းလဲသွားတဲ့ လူနေအဆောက်အအုံတွေ အဲဒါတွေအားလုံး ကြည်ပြာအတွက် အသစ်တွေချည်းပဲ။

အို! ကြည်ပြာတို့အိမ်လေးကတော့ မပြောင်းလဲဆဲပါလား။ အိမ်ရှေ့မှာ အရိပ်ရသစ်ပင်ကြီးနဲ့ အောက်မှာ ခါးကိုင်းကိုင်းနဲ့ မိန်းမကြီးတစ်ယောက် ကြည်ပြာကို လှမ်းကြည့်လို့။  ကြည်ပြာခြေလှမ်းတွေ သွက်သွက်လျှောက်လိုက်ပြီး အနီးရောက်တော့ အဲဒီမိန်းမကြီးဟာ ကြည်ပြာ့အမေ ဖြစ်နေပါရော့လား။ မျက်နှာပေါ်က အရေးအကြောင်းတွေ ကိုင်းနေတဲ့ခါးနဲ့ အမေ အရင်ကနဲ့မတူတော့။ သွားတွေပေါ်အောင် ကြည်ပြာကို ပြုံးပြနေတဲ့ အမေ။ သွားတစ်ချို့ကျိုးနေပါလား ဆိုတဲ့ အသိနဲ့ ကြည်ပြာ ထိတ်ခနဲ ဖြစ်သွားတယ်။ အမေ အတော် အိုစာသွားပါလား။ ကြည်ပြာ့ စိတ်ထဲနင့်ခနဲဖြစ်သွားပြီး အမေ့ကိုယ်လုံးလေးကို တင်းတင်းလေးဖက်ထားမိလိုက်တယ်။ ကြည်ပြာနဲ့ ယဉ်ပါးနေခဲ့ဖူးသော အမေ့ရဲ့ကိုယ်သင်းရနံ့လေး………

အိမ်မှာ အမေက ကြည်ပြာကြိုက်တဲ့ ဟင်းတွေအကုန်ချက်ပေးတယ်လေ။ စားလို့ကောင်းတာ မပြောပါနဲ့။ ထမင်းစားချိန်ဆို ခူးပြီးခပ်ပြီးမှ ကြည်ပြာကို ထမင်းစားဖို့ လာခေါ်တတ်တာ.။ အဖေက ဆိုရင်လေ “ညည်းအမေက နေမကောင်းပြီး အိပ်ရာထဲပဲ လှဲနေတာ ခုညည်းပြန်လာတော့ ဘယ်ကနေဘယ်လို အားတွေရှိလာမှန်း မသိဘူးဟေ”့ လို့ ပြောရတဲ့ အထိပဲ။ ကြည်ပြာကလည်း ကြည်ပြာပဲလေ လက်ပ်တော့ ရှေ့မှာပဲ အချိန်ကုန်နေတာကိုး။ အမေ့ကို သိပ်ဂရုမစိုက်နိုင်ခဲ့ဘူး။ နောက်တစ်နှစ်အတွက် စာတွေကို ဒေါင်းထားပြီး ကြိုပြီးဖတ်နေရတယ်လေ။ နိုင်ငံခြားမှာက ကိုယ်က သူများထက် သာနေမှ မဟုတ်ရင်တော့ မျက်နှာငယ်ရတယ်။ အမေ့အတွက် အချိန်သိပ်မပေးမိဘူး ပေးဖို့ ကြိုးစားရမယ်လို့ ခဏ ခဏတွေးနေပေမယ့်လည်း ဒီလက်ပ်တော့ရှေ့မှာပဲ အချိန်တွေကုန်ပြီး ပြန်မယ့်ရက်တောင် ရောက်လာတော့မယ်။

အမေနဲ့ ပတ်သက်ပြီး ကြည်ပြာသတိပြုမိတာကတော့ အမေ တရှောင်ရှောင် ဖြစ်နေတာပဲ။ ကြည်ပြာအတွက် မီးဖိုထဲဝင် ကြည်ပြာကို ထမင်းစားဖို့ ခေါ်ပြီးတာနဲ့ အိပ်ရာထဲတန်းဝင်တော့တာပဲ။ အမေ သိပ်ပြီး အစာမဝင်တော့သလိုပဲ။ စားရင်လည်း သုံး လေး ငါး ဇွန်းပဲ စားပြီး ဝပြီဆိုပြီး အိပ်ရာထဲ ဝင်သွားရော။ တခါတလေတော့ ကြည်ပြာ လက်ပ်တော့ သုံးနေတာကို လာထိုင်ကြည့်ပြီး ကြည်ပြာကို ငေးနေတတ်သေးတယ်။ ပြီးတော့လည်း ကြည်ပြာ့ကို မေးခွန်းတွေအများကြီး မေးတတ်တယ်။ တစ်ခါတုန်းကဆို အမေက ကြည့်ပြာကို အင်တာနက်ဆိုတာ ဘာလဲတဲ့။ ကြည်ပြာ့မှာ အမေ နားလည်အောင် ရှင်းပြရင်း နာရီဝက်ကို ကုန်ရော။ စိတ်ပေါက်ပေါက်နဲ့ “အမေ့ကို ဘယ်လောက်ပဲ ရှင်းပြလည်း အမေ နားမလည်ပါဘူး” ဆိုပြီး ပြောလိုက်မိတယ်။ အမေက မျက်နှာရုတ်တရက် ပျက်သွားတာပေါ့။ ပြီးတော့ ကြည်ပြာကို ပြန်ပြီး ပြုံးပြတယ်လေ။ အမေ ဘယ်လိုခံစားသွားရမလဲဆိုတာ ကြည်ပြာတွေးကြည့် မနေတော့။

အင်း စဉ်းစားကြည့်လိုက်ရင် အိမ်မှာ ပြန်နေတဲ့ အချိန်က တစ်လ ဆိုပေမယ့်လည်း ကြည်ပြာ အမေနဲ့ စကားကောင်းကောင်းမွန်မွန်ပြောဖို့တောင် အချိန်မပေးမိခဲ့ဘူး။ ကျောင်းစာတွေ ကြိုကြည့်လိုက် မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေဆီသွားလိုက်နဲ့ အချိန်တွေ ကုန်လာခဲ့တာ။ အမေကလည်းလေ စကား မဟလိုက်နဲ့။ ဟ လိုက်တာနဲ့ ကြည်ပြာကို စိတ်ပူတဲ့ အကြောင်းတွေကို ရှုထောင့်မျိုးစုံနဲ့ ကြံဖန်တွေးပြီး တတွတ်တွတ်ပြောတတ်တာ။ အမေက ပိုကို ပိုလွန်းပါတယ်။ ကြာတော့ ကြည်ပြာလည်း အမေ စကားစလာပြီဆိုတာနဲ့ စကားလမ်းကြောင်းလွှဲပြီး အမေ သမီး စာလုပ်စရာ ရှိတယ်ဆိုပြီး လက်ပ်တော့ရှေ့ကို တန်းထိုင်လိုက်တာမျိုး လုပ်မိလာတယ်။ အဲဒီ အခါမှာဆို အမေက တွေတွေလေး ရပ်ကြည့်ပြီး မျက်ရည်တွေ ဝဲနေတတ်သည်။

ကြည်ပြာ မပြန်ခင်ညမှာ အမေ့ကို စာလေးတစ်စောင်ရေးပေးဖို့ ကြည်ပြာ တောင်းဆိုမိတယ်။ ကြည်ပြာကောင်းကောင်းမဆက်ဆံမိတာတွေအတွက် အလျော်အနေနဲ့ အမေ ရေးပေးတဲ့ ဆုံးမစကားလေးတွေကို တန်ဖိုးထားတယ်လို့ အမေ ထင်စေချင်တဲ့အတွက်ပါ။

ပြန်မယ့် ညနေမှာတော့ အမေက ကြည့်ပြာကို စာအစား စာအုပ်ကလေးတစ်အုပ် လှမ်းပေးတယ်လေ။ အံ့သြမှုနဲ့အတူ အမေ့ကို ကြည့်ရင်း ကြည်ပြာ စာအုပ်ကလေးကို လှမ်းယူလိုက်တယ်။ ဒီတစ်ခေါက်အပြန်မှာတော့ ကြည်ပြာ အမေ့ကို မဖက်မိတော့။
လေယာဉ်ပေါ်ရောက်တော့ အမေ့ စာအုပ်ကလေးကို ဖွင့်ပြီး ကြည့်လိုက်သည်။

အလို!  စာအုပ်ကလေးထဲမှာ ကြည်ပြာအကြောင်းတွေ အမေရေးထားပါလား။ နေ့စွဲလေးတွေနဲ့ ကြည်ပြာနဲ့ ပတ်သက်ပြီး အမေ့ရဲ့ ခံစားချက်လေးတွေ အများကြီးကို ချရေးထားတယ်။ ကြည်ပြာတောင် မမှတ်မိတော့တဲ့ ကြည်ပြာနဲ့ ပတ်သက်တဲ့ အချက်အလက်တစ်ချို့ကို အမေမှတ်တမ်းတင်ထားပါလား။ လှန်လှောဖတ်ရှုရင်း ကြည်ပြာ တစ်မျိုးလေး ခံစားမိတယ်။ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းခွဲမရတဲ့ ခံစားချက်ပေါ့။ စာမျက်နှာတစ်ခုမှာ အမေ ကြယ်လေး ပြထားလို့ ကြည်ပြာ သေချာ စိုက်ကြည့်လိုက်တယ်။

၄.၆.၁၉၉၆ (တနလာၤေန့)
ဒီနေ့ သမီးလေး ကျောင်းစတက်သည်။ သမီးနဲ့ ပထမဆုံး အကြာကြီး ခွဲတာ ဖြစ်သည်။ သမီးက ကျွန်မလက်ကို သေချာ ဆုပ်ကိုင်ထားသည်။ ဆုပ်ကိုင်ထားသော သမီးလက်ကို ဖြည်ရင်း သမီးရေ နေခဲ့တော့နော် လို့ပြောထွက်ဖို့ ကျွန်မအတော်ကြိုးစားခဲ့ရသည်။ ကျွန်မလှည့်ထွက်သွားတော့ သမီးက အမေ အမေ သမီးကို ခွဲမသွားပါနဲ့ဆိုပြီး ငိုသည်။ မူကြိုဆရာမလေး လာပြီး သမီးကို ခေါ်သွားသည်။ ကျွန်မလည်း ငိုနေတယ်ဆိုတာ သမီးလေး သိပါ့မလား။

စာရွက်ပေါ်မှ အကွက်လေးတွေကို တွေ့တော့ အမေ ဒီစာရေးပြီး ငိုထားပါလား ဆိုသည့် အသိနှင့် ကြည့်ပြာ ရင်ထဲ နင့်သွားသည်။

၇.၆.၁၉၉၆
ဒီနေ့ သမီးလေးက ကျွန်မကို အိမ်ရှေ့မှာ လာပြီး အာ အာနေတဲ့ ကျီးကန်းလေးတွေကို ကြည့်ပြီး အဲဒါဘာလဲလို့ တအံ့တသြမေးသည်။  ကျီးကန်း ဆိုပြီး သမီးလေးကို နဖူးတစ်ချက်နမ်းရင် ပြောလိုက်သည်။ သမီးလေးက ခဏလေးနဲ့ မေ့သွားပြီး ကျွန်မဆီ ဆယ်ငါးကြိမ်လောက် လာမေးသည်။ သမီးလေးက ချစ်စရာကောင်းလိုက်တာ။ သမီး တစ်ခါမေးတိုင်း သမီးပါးလေးကို တစ်ခါနမ်းရင် ကျီးကန်းလို့ ကျွန်မပြောမိသည်။

ကြည်ပြာရင်ထဲ ဝမ်းနည်းခြင်းတွေ လှိုက်တက်လာပြီး စာအုပ်လေးပိတ်ကာ ငိုမိသည်။ နောင်တဖြင့် ကျသောမျက်ရည်များသည် ကြည်ပြာရင်ထဲ ပူလောင်လွန်းလျက်။ အကယ်လို့သာ ဒီလေယာဉ်က အိမ်အပြန်လေယာဉ်များ ဖြစ်ခဲ့လျှင် ကြည်ပြာလေ အမေ့ကို…………………………………………..



ဝါလေးအပါအဝင် အတော်တော်များများပေါ့လေ…ဘဝထဲမှာ ရှင်သန် ရုန်းကန် နေထိုင်ရင်း ဝါလေးတို့အပေါ်မှာ ကျေးဇူးကြီးမားသော မိဘများကို လျစ်လျူရှုမိတတ်ပါတယ်။ သူတို့ရဲ့ စေတနာပါသော မေတ္တာပါသော အပြုအမူလေးတွေကို အသေးအဖွဲမှ အစ အသိအမှတ်ပြုပေးကြရင် သိပ်ကောင်းမှာပဲ။ မိခင်တစ်ယောက်ရဲ့ မေတ္တာကို အတတ်နိုင်ဆုံး ဝါလေး ရေးဖွဲထားတာဖြစ်ပါတယ်။
မိဘကို ချစ်သော မိဘ ကို ဂရုစိုက်သော မိဘ ကို ပြုစုသော သားကောင်းသမီးကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းပြုရင်း

ဝါလေး
၃. ၅၉ (နေ့လည်)
၂၄.၄.၂၀၁၁ (တနင်္ဂနွေ)

2 comments:

  1. မျက်ရည်တောင်ဝဲမိတယ် ..

    အားပေးသွားပါတယ် .. ဝါလေးရေ ..

    ReplyDelete
  2. အမေ့ကို ဖုန်းဆက်အုံးမှး)

    ReplyDelete