5 Nov 2011

တစ်ယောက်တည်းသော သူဆီမှ...

ကျွန်မ သေသွားနိုင်တယ်လို့ ထင်မိတယ်။ ကျွန်မ ကောလိပ် ဒုတိယနှစ်ကို ရောက်နေပြီ။ ပထမနှစ်ကတည်း ချစ်ခဲ့တဲ့သူက ကျွန်မကို လမ်းခွဲစကားဆိုသွားတယ်လေ။ ဘာလုပ်ရမလဲဆိုတာ ကျွန်မ မသိတော့ဘူး။ ကျွန်မ အထက်တန်းထဲကနေ အခုထိ တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မကို စွဲစွဲမြဲမြဲချစ်တဲ့သူ မရှိခဲ့ဘူး။ ဒါပေမယ့် ဒီတစ်ယောက်က ကျွန်မအတွက် ထူးခြားတယ်။ ကျွန်မအသက် (၂၀) ပြည့်ပြီမို့ တည်ငြိမ်စွာ အချစ်ကို ရှာတွေ့ခဲ့ပြီလို့ ကျွန်မ ယူဆခဲ့တယ်။ အခုတော့ ကျွန်မ စိတ်တွေ ယောက်ယက်ခတ်ပြီး မအိပ်နိုင် မစားနိုင်ဖြစ်နေပြီ။ အခန်းဖော်တွေအားလုံးက ကျွန်မအတွက် စိုးရိမ်နေပေမယ့် ကျွန်မစိတ်ကို ပြောင်းလဲဖို့ အမျိုးမျိုး သူတို့ ကြိုးစားပြီးတဲ့နောက်မှာတော့ လက်လျှော့သွားကြပြီ။ ကျွန်မနဲ့ သူစိမ်းတရံလို ဖြစ်နေတဲ့ ချစ်သူဆီကို ကျွန်မရဲ့ စင်ပေါ်မှာ အခုထိရှိနေသေးတဲ့ အရုပ်ဟောင်းလေးအကြောင်းကို ကဗျာလေးရေးပြီး ပို့တဲ့အထိ ကျွန်မရူးခဲ့တယ်။ နုနယ်သေးတဲ့ ကျွန်မ နှလုံးသား သိပ်အထိနာခဲ့တယ်လေ။

လမ်းခွဲပြီးနောက် နေ့စဉ်လိုလို စာနာနှစ်သိမ့်သံတွေ ကြားရဖို့ အမေ့ဆီကို ကျွန်မ ဖုန်းခေါ်ခဲ့တယ်။ အဖေနဲ့ ကျွန်မကတော့ ပုံမှန်သားအဖစကားဝိုင်းအတိုင်း တနင်္ဂနွေနေ့မှာ ဖုန်းပြောဖြစ်ကြတယ်။ ကျွန်မ စာကြိုးစားနေကြောင်းနဲ့ ပိုက်ဆံအလုံအလောက်ရှိတဲ့အကြောင်း ယုံကြည်အောင် အဖေ့ကို ပြောခဲ့တယ်။ တစ်ဖက်မှာတော့ အမေနဲ့ ကျွန်မ အမှန်တကယ်ကို နှလုံးသားချင်းဖလှယ် စကားပြောခဲ့တယ်။ အမေကတော့ ကျောင်းမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ၊ အတန်းထဲမှာ ကျွန်မသင်ရတဲ့ သင်ခန်းစာတွေ၊ ကျောင်းက ကဖေးမှာ ဘာတွေကောင်းတယ်ဆိုတဲ့အထိ ကျွန်မနဲ့ ပတ်သက်တဲ့အရာအားလုံးကို သိချင်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်မနဲ့အမေ ဖုန်းပြောကြတာ ဖုန်းဘေလ်တွေ သာမန်မဟုတ်တဲ့အထိ ထိုးတက်လာတာပဲ။ ကျွန်မ အမေက “တစ်ခြားယောက်ျားတွေလည်း အများကြီးပါ”လို့ ပြောမှာကို ကျွန်မစောင့်မျှော်နေခဲ့ပေမယ့်  သူမက တစ်လုံးမှ မပြောခဲ့ပါဘူး။  အမေက  ကျွန်မရဲ့ ဝမ်းနည်းမျက်ရည်တွေအတွက် အရမ်းကို စာနာနားလည်တတ်ပြီး သည်းခံတတ်တဲ့သူပါ။ ဒါပေမယ့် အပတ်ပေါင်းများစွာကြာပြီးတဲ့နောက်ဆုံးမှာတော့ သူ့ကို တမ်းတမ်းစွဲစွဲဖြစ်နေသေးတဲ့ ကျွန်မကို ရူးနေပြီလို့ ပြောလာတယ်။ သူမ မှန်တယ်ဆိုတာ ကျွန်မသိတယ်။ ဒါကြောင့်လည်း ကျွန်မရဲ့ ကွဲအက်နေတဲ့ နှလုံးသားကို စာအုပ်တွေကြားထဲမှာ အရင်ကထက်ပိုပြီး မြှုပ်နှံဖို့ ကျွန်မ ကြိုးစားတယ်။ ပြီးတော့ ကောလိပ်က အဖွဲအစည်းတော်တော်များများကို ကျွန်မ ဆက်သွယ်ပြီး ပါဝင်လှုပ်ရှားတယ်။ အဖေကတော့ ကျွန်မ ရည်းစားနဲ့ကွဲတဲ့အကြောင်းနဲ့ပတ်သက်ပြီး တစ်ခွန်းမှ မဟခဲ့ပါဘူး။ ကျွန်မခံစားရတဲ့အတွက် အဖေလည်း ကျွန်မအတွက် စိတ်မကောင်းဘူးဆိုတာ ကျွန်မသိတယ်။ အဖေက ပုံမှန်အားဖြင့် အမေကို နှစ်သိမ့်အားပေးနေကျလေ။

တစ်နေ့ နေ့လယ်အတန်းပြီး ကျွန်မအခန်းကို ပြန်လာတော့ အခန်းဖော်က ကုလားထိုင်ပေါ်မှာထိုင်ပြီး ကျွန်မကို လှိုက်လှိုက်လှဲလှဲပြုံးပြီး ကြည့်နေတယ်။  အခန်းရဲ့အလယ်က စားပွဲပေါ်မှာတော့ အရောင်ဖျော့ဖျော့ လှပလှတဲ့ ပန်းခြင်းလေးကို တွေ့လိုက်တယ်။
“နင့်အတွက်” လို့ အခန်းဖော်က ပြောတော့ ကျွန်မ နှလုံးခုန်ရပ်သွားတယ်။ ဒါပဲ ဖြစ်ရမှာပေါ့။ နောက်ဆုံးမှာတော့ ကျွန်မချစ်သူက သူ့အမှားတွေကို သိပြီး ကျွန်မဆီပြန်လာတာ ဖြစ်မယ်။ သူဦးဆောင်ပြီး ဂိုက်လုပ်ပေးတဲ့ ဂျူနီယာအဖွဲ့ထဲက ဘာဘီလေးလိုချောတဲ့ ဂျူနီယာကောင်မလေးကို သူ တစ်ကယ်ချစ်တာ မဟုတ်ပါဘူး။ ကျွန်မ ဖြည်းဖြည်းချင်းရှေ့တိုးသွားပြီး မွှေးပျံ့လှတဲ့ ပန်းခြင်းလေးကို မ လိုက်တယ်။ အထဲက ကဒ်လေးကို တုန်ယင်နေတဲ့လက်တွေနဲ့ ဖတ်လိုက်တယ်။ ရိုးရိုးလေးရေးထားတာလေးက “နှစ်ပေါင်းနှစ်ဆယ်ကြာအောင် ချစ်မြတ်နိုးခဲ့သော တစ်ယောက်တည်းသောသူဆီမှ” တဲ့။ ကျွန်မ မျက်ဝန်းအိမ်တွေမှာ မျက်ရည်တွေ တမုဟုတ်ချင်း အိုင်လာတယ်။ အခန်းဖော်ကတော့ ဝေခွဲမရစွာ ကျွန်မကို ကြည့်ဆဲ။

“အဲဒါ အဖေ့ဆီက” ဆို့နင့်စွာ ကျွန်မ ရှင်းပြပြီး ပန်းလေးတွေကို ညင်ညင်သာသာလေးကိုင်ဖို့ ကျွန်မ ထိုင်ချလိုက်ပြီး နူးညံ့လှတဲ့ ပွင့်ဖတ်လေးတွေကို စိုက်ကြည့်နေမိတယ်။
“နင့်အဖေ ဟုတ်လား…ဘာအတွက်လဲ” ပြောပြောဆိုဆို အခန်းဖော်က ကျွန်မနားမှာ လာထိုင်ပြီး ကျွန်မကို သိုင်းဖက်လိုက်တယ်။ ကဒ်လေးကို သူမဆီပေးတော့ သူမက ထပ်ပြုံးပြီး ပြီးတော့ “နင့်အဖေက သိပ်ကို နှစ်လိုဖွယ်ကောင်းတာပ”ဲ လို့ ပြောလိုက်တယ်။ နှာကို ရှုံ့ရင်း “အင်း ဟုတ်တယ်” လို့ ကျွန်မ ပြန်ပြောမိသည်။ အမေ့ဆီက ရနေကျ အားပေးသံ နှစ်သိမ့်သံတွေက ကျွန်မရဲ့ နှလုံးသားဖြည်းဖြည်းချင်း အနာကျက်လာဖို့ အကူအညီပေးခဲ့တယ်။ ဒါပေမယ့် အဖေ့ဆီကရလာတဲ့ ပန်းခြင်းလေးကတော့ ကျွန်မရဲ့ နှလုံးသားကို လုံးဝအနာကျက်ဖို့ နှစ်သိမ့်အားပေးလိုက်တာပါ။


နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ ကျွန်မ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ခဲ့ပြီး ကလေးတစ်ယောက်တောင် ရနေပါပြီ။ မကြာသေးတဲ့ နှစ်များအတွင်းမှာ အဖေကတော့ ဘဝတိုက်ပွဲကို တိုက်နေရပါတယ်။  ယိုယွင်းလာတဲ့ ကျန်းမာရေးနဲ့ ပင်စင်ယူဖို့ ဝိုင်းပြီး တိုက်တွန်းခံရတဲ့အထိပေါ့။ ဒါပေမယ့် အဖေတစ်ယောက်ရဲ့ မိသားစုကို အကာအကွယ်ပေးတဲ့ ခမ်းနားတဲ့ ပုံရိပ်ကတော့ ဘယ်တော့မှ ပျောက်ပျက်မသွားပါဘူး။ အဖေတစ်ယောက်ရဲ့ ကိုယ်ပိုင်းဆိုင်ရာပုံရိပ်ဟာ သားသမီးတွေအတွက် သူဘာတွေ ပေးဆပ်ခဲ့တယ်ဆိုတာကို ပြသနိုင်တဲ့ သင်္ကေတတစ်ခုသာဖြစ်ပါတယ်။ ကျွန်မကတော့ သားသမီးတွေအတွက် ကြီးမားခိုင်ခံ့တဲ့ ခံတပ်ကြီးသဖွယ် အဖေ့ရဲ့ အရည်အချင်းတွေ၊ အဖေ့ရဲ့ စံပြအမူအကျင့် ယုံကြည်ချက်တွေရဲ့ စွမ်းအားတွေကို အဖေ ကျန်းမာရေးထိခိုက်လာတဲ့အခါမှ သဘောပေါက်နားလည်မိတာပါ။ အမေက အဖေဟာ သူ့ဘဝအခုလို ချွတ်ခြုံကျနေပေမယ့် လုံးဝမညည်းတာ၊ သူဘယ်လောက် ခံစားနေရပေမယ့် ထုတ်ဖော်ပြောမပြတာတွေ ကျွန်မကို ခဏ ခဏပြောပြနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့နဲ့အတူ ကျွန်မတို့အတွက် ထပ်ပြီး ဘာမှလုပ်မပေးနိုင်တာတွေအတွက် သူအရမ်းဝမ်းနည်းနေပါတယ်။

ကျွန်မ အဖေ့ကို အခုလိုဘာမှလုပ်မပေးနိုင်တော့တာဟာ အဖေကောင်းတစ်ယောက်ဖြစ်ခြင်းနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာကို ပြောပြချင်မိတယ်။ အဖေနဲ့ အတူ ကျွန်မ ခရီးထွက်ဖြစ်တယ်။ အဖေက ကျွန်မကို ပေးခဲ့တဲ့ စိတ်ခွန်အားဖြည့် အခြေခံအုတ်မြစ်တွေ ထောက်ခံမှုတွေက ဘယ်တော့မှ အားနည်းယုတ်လျော့မသွားတဲ့ အပြင် ပိုပြီး ကျွန်မကို အားဖြစ်စေခဲ့ပါတယ်။

ကျွန်မရဲ့ ရည်းစားဟောင်း၊ ကျွန်မ အသည်းကွဲခဲ့တာ၊ အဖေ့ရဲ့ ပန်းခြင်းလေး အဲဒါတွေအားလုံးကို ကျွန်မ မေ့လျော့နေခဲ့ပါပြီ။ အယ်လ်ဘမ်ဟောင်းလေးကို ကျွန်မတွေ့တော့ ဓာတ်ပုံတစ်ခုက ကျွန်မရဲ့ အဲဒါတွေနဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်ကို ပြန်လည်တူးဖော်ပေးခဲ့တယ်။ အဲဒီတုန်းက အဖေ့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုအမူပေါ် ကျွန်မရဲ့မျက်ဝန်းတွေ မျက်ရည်တွေ စိုစွတ်လာခဲ့တယ်။ အဲဒီနေ့က အဖေများနေ့မတိုင်ခင် တစ်ပတ်အလိုတစ်ခုဖြစ်ပြီး ကျွန်မ တစ်စုံတစ်ရာလုပ်ဖို့ အကြံရခဲ့တယ်။

အဖေက ဖျော့လျော့တဲ့ အပြုံလေးနဲ့ ကတ်လေးကို ဖွင့်ကြည့်လိုက်တယ်။ ပန်းလေးတွေကို လက်ဆောင်အဖြစ် နှစ်သက်ခဲတဲ့ လူစားမျိုးပေမယ့် ဒီပန်းလေးတွေက သူ့ကို အံအားသင့်စေတယ်။ ကတ်လေးထဲမှာ ရေးထားတာကတော့ “မွေးကတည်းက ချစ်လာခဲ့တဲ့ တစ်ယောက်တည်းသောသူဆီမှ တဲ့”။
ကျွန်မ အဖေ့ကို ဖက်လိုက်ပြီး ညင်ညင်သာသာလေး မေးလိုက်တယ်။ “မှတ်မိသေးရဲ့လား”လို့။

“မှတ်မိသေးတယ်”လို့ အဖေက ကျွန်မကို ညင်ညင်သာသာလေးပြောပြီး ကျွန်မတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ခေါင်းညိမ့်ကြတယ်။ ခါတိုင်းလိုပဲ စကားလုံးတွေ မလိုအပ်ပါဘူး။

“Chicken Soup for the Soul (Thanks Dad)” မှ “Heidi Durig Heiby” ၏ “From the Only” ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ မူရင်းစာ၏ အဓိပ္ပါယ်ကို ပျက်ပြားစေပါက ကျွန်မ၏ အားနည်းချက်သာ ဖြစ်ပါသည်။

သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ =)

ဝါလေး
၅.၁၁.၂၀၁၁ (စနေ)
၎.၀၄ (ညနေ)

1 Nov 2011

အမေ့ရဲ့ ဒိုင်ယာရီ



ကြည်ပြာ နိုင်ငံခြားကို ကျောင်းသွားတက်တုန်းက ကြည်ပြာတို့ တစ်မိသားစုလုံး လိုက်ပို့ခဲ့ကြတယ်။ အဲဒီတုန်းက ကြည်ပြာလေ ငိုချင်လိုက်တာ မပြောပါနဲ့။ ဒီလို အိမ်နဲ့ မခွဲဖူးဘူးလေ။ အဲဒီတုန်းက လေဆိပ်မှာ ကြည်ပြာ အမေ့ကို ခပ်တင်းတင်းလေး ဖက်ထားမိလိုက်တယ်။ တစ်ကိုယ်လုံးနွေးထွေးသွားပြီး အချိန်တွေ ရပ်တန့်သွားရင် ကောင်းမှာပဲလို့ တွေးခဲ့ဖူးတယ်။ အဲဒီတုန်းက အမေ့ရဲ့ ကိုယ်သင်းရနံ့လေးကို ကြည်ပြာ အခုထိ မှတ်မိသေးတယ်။

နိုင်ငံခြားမှာ ရုန်းကန်လှုပ်ရှားရင်း ဟိုဟို ဒီဒီ ပြေးလွှားနေရတာလည်း နှစ်ပေါင်းသုံးနှစ်တောင် ရှိလာပြီ။ အသက်လည်း ပိုကြီးလာသလို ကြည်ပြာပို ပြီး ရင့်ကျက်မှု ရှိလာတယ်လို့လည်း ထင်မိတယ်။ ကြည်ပြာ ဝတ်တာ စားတာက အစ ဟိုတုန်းက တောသူမလေးလိုမဟုတ်ဘဲ ခေတ်မီလာပြီ။ အဲဒီလို ပြောင်းလဲ လာပေမယ့် ကြည်ပြာရဲ့ မပြောင်းလဲတဲ့ အချက်ကတော့ အမေ့ကို အရမ်းတွေ့ချင်စိတ်ပါပဲ။ အမေရဲ့ ကိုယ်သင်းရနံ့လေးကို တမ်းတဆဲ။ ဝမ်းနည်းစရာတွေ့လာရင် နှုတ်က  အမေ အမေလို့ တမ်းတဲ ခေါ်ဆဲ။

နွေရာသီ ကျောင်းပိတ်ရက်ရှည်များရောက်လာတော့ အိမ်ပြန်ဖို့ ပြင်ရင်းဆင်ရင်း ကြည်ပြာ ပျော်နေမိတယ်။

မွေးရပ်မြေရောက်တော့ အစစအရာ ပြောင်းလဲလာမှုတွေ ကြည့်ရင်း ကြည်ပြာအံ့သြမိတယ်။ တဝီဝီသွားနေတဲ့ ဆိုင်ကယ်တွေ ဝတ်စားမှုပုံစံပြောင်းလဲလာတဲ့ လူတွေ ပြောင်းလဲသွားတဲ့ လူနေအဆောက်အအုံတွေ အဲဒါတွေအားလုံး ကြည်ပြာအတွက် အသစ်တွေချည်းပဲ။

အို! ကြည်ပြာတို့အိမ်လေးကတော့ မပြောင်းလဲဆဲပါလား။ အိမ်ရှေ့မှာ အရိပ်ရသစ်ပင်ကြီးနဲ့ အောက်မှာ ခါးကိုင်းကိုင်းနဲ့ မိန်းမကြီးတစ်ယောက် ကြည်ပြာကို လှမ်းကြည့်လို့။  ကြည်ပြာခြေလှမ်းတွေ သွက်သွက်လျှောက်လိုက်ပြီး အနီးရောက်တော့ အဲဒီမိန်းမကြီးဟာ ကြည်ပြာ့အမေ ဖြစ်နေပါရော့လား။ မျက်နှာပေါ်က အရေးအကြောင်းတွေ ကိုင်းနေတဲ့ခါးနဲ့ အမေ အရင်ကနဲ့မတူတော့။ သွားတွေပေါ်အောင် ကြည်ပြာကို ပြုံးပြနေတဲ့ အမေ။ သွားတစ်ချို့ကျိုးနေပါလား ဆိုတဲ့ အသိနဲ့ ကြည်ပြာ ထိတ်ခနဲ ဖြစ်သွားတယ်။ အမေ အတော် အိုစာသွားပါလား။ ကြည်ပြာ့ စိတ်ထဲနင့်ခနဲဖြစ်သွားပြီး အမေ့ကိုယ်လုံးလေးကို တင်းတင်းလေးဖက်ထားမိလိုက်တယ်။ ကြည်ပြာနဲ့ ယဉ်ပါးနေခဲ့ဖူးသော အမေ့ရဲ့ကိုယ်သင်းရနံ့လေး………

အိမ်မှာ အမေက ကြည်ပြာကြိုက်တဲ့ ဟင်းတွေအကုန်ချက်ပေးတယ်လေ။ စားလို့ကောင်းတာ မပြောပါနဲ့။ ထမင်းစားချိန်ဆို ခူးပြီးခပ်ပြီးမှ ကြည်ပြာကို ထမင်းစားဖို့ လာခေါ်တတ်တာ.။ အဖေက ဆိုရင်လေ “ညည်းအမေက နေမကောင်းပြီး အိပ်ရာထဲပဲ လှဲနေတာ ခုညည်းပြန်လာတော့ ဘယ်ကနေဘယ်လို အားတွေရှိလာမှန်း မသိဘူးဟေ”့ လို့ ပြောရတဲ့ အထိပဲ။ ကြည်ပြာကလည်း ကြည်ပြာပဲလေ လက်ပ်တော့ ရှေ့မှာပဲ အချိန်ကုန်နေတာကိုး။ အမေ့ကို သိပ်ဂရုမစိုက်နိုင်ခဲ့ဘူး။ နောက်တစ်နှစ်အတွက် စာတွေကို ဒေါင်းထားပြီး ကြိုပြီးဖတ်နေရတယ်လေ။ နိုင်ငံခြားမှာက ကိုယ်က သူများထက် သာနေမှ မဟုတ်ရင်တော့ မျက်နှာငယ်ရတယ်။ အမေ့အတွက် အချိန်သိပ်မပေးမိဘူး ပေးဖို့ ကြိုးစားရမယ်လို့ ခဏ ခဏတွေးနေပေမယ့်လည်း ဒီလက်ပ်တော့ရှေ့မှာပဲ အချိန်တွေကုန်ပြီး ပြန်မယ့်ရက်တောင် ရောက်လာတော့မယ်။

အမေနဲ့ ပတ်သက်ပြီး ကြည်ပြာသတိပြုမိတာကတော့ အမေ တရှောင်ရှောင် ဖြစ်နေတာပဲ။ ကြည်ပြာအတွက် မီးဖိုထဲဝင် ကြည်ပြာကို ထမင်းစားဖို့ ခေါ်ပြီးတာနဲ့ အိပ်ရာထဲတန်းဝင်တော့တာပဲ။ အမေ သိပ်ပြီး အစာမဝင်တော့သလိုပဲ။ စားရင်လည်း သုံး လေး ငါး ဇွန်းပဲ စားပြီး ဝပြီဆိုပြီး အိပ်ရာထဲ ဝင်သွားရော။ တခါတလေတော့ ကြည်ပြာ လက်ပ်တော့ သုံးနေတာကို လာထိုင်ကြည့်ပြီး ကြည်ပြာကို ငေးနေတတ်သေးတယ်။ ပြီးတော့လည်း ကြည်ပြာ့ကို မေးခွန်းတွေအများကြီး မေးတတ်တယ်။ တစ်ခါတုန်းကဆို အမေက ကြည့်ပြာကို အင်တာနက်ဆိုတာ ဘာလဲတဲ့။ ကြည်ပြာ့မှာ အမေ နားလည်အောင် ရှင်းပြရင်း နာရီဝက်ကို ကုန်ရော။ စိတ်ပေါက်ပေါက်နဲ့ “အမေ့ကို ဘယ်လောက်ပဲ ရှင်းပြလည်း အမေ နားမလည်ပါဘူး” ဆိုပြီး ပြောလိုက်မိတယ်။ အမေက မျက်နှာရုတ်တရက် ပျက်သွားတာပေါ့။ ပြီးတော့ ကြည်ပြာကို ပြန်ပြီး ပြုံးပြတယ်လေ။ အမေ ဘယ်လိုခံစားသွားရမလဲဆိုတာ ကြည်ပြာတွေးကြည့် မနေတော့။

အင်း စဉ်းစားကြည့်လိုက်ရင် အိမ်မှာ ပြန်နေတဲ့ အချိန်က တစ်လ ဆိုပေမယ့်လည်း ကြည်ပြာ အမေနဲ့ စကားကောင်းကောင်းမွန်မွန်ပြောဖို့တောင် အချိန်မပေးမိခဲ့ဘူး။ ကျောင်းစာတွေ ကြိုကြည့်လိုက် မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေဆီသွားလိုက်နဲ့ အချိန်တွေ ကုန်လာခဲ့တာ။ အမေကလည်းလေ စကား မဟလိုက်နဲ့။ ဟ လိုက်တာနဲ့ ကြည်ပြာကို စိတ်ပူတဲ့ အကြောင်းတွေကို ရှုထောင့်မျိုးစုံနဲ့ ကြံဖန်တွေးပြီး တတွတ်တွတ်ပြောတတ်တာ။ အမေက ပိုကို ပိုလွန်းပါတယ်။ ကြာတော့ ကြည်ပြာလည်း အမေ စကားစလာပြီဆိုတာနဲ့ စကားလမ်းကြောင်းလွှဲပြီး အမေ သမီး စာလုပ်စရာ ရှိတယ်ဆိုပြီး လက်ပ်တော့ရှေ့ကို တန်းထိုင်လိုက်တာမျိုး လုပ်မိလာတယ်။ အဲဒီ အခါမှာဆို အမေက တွေတွေလေး ရပ်ကြည့်ပြီး မျက်ရည်တွေ ဝဲနေတတ်သည်။

ကြည်ပြာ မပြန်ခင်ညမှာ အမေ့ကို စာလေးတစ်စောင်ရေးပေးဖို့ ကြည်ပြာ တောင်းဆိုမိတယ်။ ကြည်ပြာကောင်းကောင်းမဆက်ဆံမိတာတွေအတွက် အလျော်အနေနဲ့ အမေ ရေးပေးတဲ့ ဆုံးမစကားလေးတွေကို တန်ဖိုးထားတယ်လို့ အမေ ထင်စေချင်တဲ့အတွက်ပါ။

ပြန်မယ့် ညနေမှာတော့ အမေက ကြည့်ပြာကို စာအစား စာအုပ်ကလေးတစ်အုပ် လှမ်းပေးတယ်လေ။ အံ့သြမှုနဲ့အတူ အမေ့ကို ကြည့်ရင်း ကြည်ပြာ စာအုပ်ကလေးကို လှမ်းယူလိုက်တယ်။ ဒီတစ်ခေါက်အပြန်မှာတော့ ကြည်ပြာ အမေ့ကို မဖက်မိတော့။
လေယာဉ်ပေါ်ရောက်တော့ အမေ့ စာအုပ်ကလေးကို ဖွင့်ပြီး ကြည့်လိုက်သည်။

အလို!  စာအုပ်ကလေးထဲမှာ ကြည်ပြာအကြောင်းတွေ အမေရေးထားပါလား။ နေ့စွဲလေးတွေနဲ့ ကြည်ပြာနဲ့ ပတ်သက်ပြီး အမေ့ရဲ့ ခံစားချက်လေးတွေ အများကြီးကို ချရေးထားတယ်။ ကြည်ပြာတောင် မမှတ်မိတော့တဲ့ ကြည်ပြာနဲ့ ပတ်သက်တဲ့ အချက်အလက်တစ်ချို့ကို အမေမှတ်တမ်းတင်ထားပါလား။ လှန်လှောဖတ်ရှုရင်း ကြည်ပြာ တစ်မျိုးလေး ခံစားမိတယ်။ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းခွဲမရတဲ့ ခံစားချက်ပေါ့။ စာမျက်နှာတစ်ခုမှာ အမေ ကြယ်လေး ပြထားလို့ ကြည်ပြာ သေချာ စိုက်ကြည့်လိုက်တယ်။

၄.၆.၁၉၉၆ (တနလာၤေန့)
ဒီနေ့ သမီးလေး ကျောင်းစတက်သည်။ သမီးနဲ့ ပထမဆုံး အကြာကြီး ခွဲတာ ဖြစ်သည်။ သမီးက ကျွန်မလက်ကို သေချာ ဆုပ်ကိုင်ထားသည်။ ဆုပ်ကိုင်ထားသော သမီးလက်ကို ဖြည်ရင်း သမီးရေ နေခဲ့တော့နော် လို့ပြောထွက်ဖို့ ကျွန်မအတော်ကြိုးစားခဲ့ရသည်။ ကျွန်မလှည့်ထွက်သွားတော့ သမီးက အမေ အမေ သမီးကို ခွဲမသွားပါနဲ့ဆိုပြီး ငိုသည်။ မူကြိုဆရာမလေး လာပြီး သမီးကို ခေါ်သွားသည်။ ကျွန်မလည်း ငိုနေတယ်ဆိုတာ သမီးလေး သိပါ့မလား။

စာရွက်ပေါ်မှ အကွက်လေးတွေကို တွေ့တော့ အမေ ဒီစာရေးပြီး ငိုထားပါလား ဆိုသည့် အသိနှင့် ကြည့်ပြာ ရင်ထဲ နင့်သွားသည်။

၇.၆.၁၉၉၆
ဒီနေ့ သမီးလေးက ကျွန်မကို အိမ်ရှေ့မှာ လာပြီး အာ အာနေတဲ့ ကျီးကန်းလေးတွေကို ကြည့်ပြီး အဲဒါဘာလဲလို့ တအံ့တသြမေးသည်။  ကျီးကန်း ဆိုပြီး သမီးလေးကို နဖူးတစ်ချက်နမ်းရင် ပြောလိုက်သည်။ သမီးလေးက ခဏလေးနဲ့ မေ့သွားပြီး ကျွန်မဆီ ဆယ်ငါးကြိမ်လောက် လာမေးသည်။ သမီးလေးက ချစ်စရာကောင်းလိုက်တာ။ သမီး တစ်ခါမေးတိုင်း သမီးပါးလေးကို တစ်ခါနမ်းရင် ကျီးကန်းလို့ ကျွန်မပြောမိသည်။

ကြည်ပြာရင်ထဲ ဝမ်းနည်းခြင်းတွေ လှိုက်တက်လာပြီး စာအုပ်လေးပိတ်ကာ ငိုမိသည်။ နောင်တဖြင့် ကျသောမျက်ရည်များသည် ကြည်ပြာရင်ထဲ ပူလောင်လွန်းလျက်။ အကယ်လို့သာ ဒီလေယာဉ်က အိမ်အပြန်လေယာဉ်များ ဖြစ်ခဲ့လျှင် ကြည်ပြာလေ အမေ့ကို…………………………………………..



ဝါလေးအပါအဝင် အတော်တော်များများပေါ့လေ…ဘဝထဲမှာ ရှင်သန် ရုန်းကန် နေထိုင်ရင်း ဝါလေးတို့အပေါ်မှာ ကျေးဇူးကြီးမားသော မိဘများကို လျစ်လျူရှုမိတတ်ပါတယ်။ သူတို့ရဲ့ စေတနာပါသော မေတ္တာပါသော အပြုအမူလေးတွေကို အသေးအဖွဲမှ အစ အသိအမှတ်ပြုပေးကြရင် သိပ်ကောင်းမှာပဲ။ မိခင်တစ်ယောက်ရဲ့ မေတ္တာကို အတတ်နိုင်ဆုံး ဝါလေး ရေးဖွဲထားတာဖြစ်ပါတယ်။
မိဘကို ချစ်သော မိဘ ကို ဂရုစိုက်သော မိဘ ကို ပြုစုသော သားကောင်းသမီးကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းပြုရင်း

ဝါလေး
၃. ၅၉ (နေ့လည်)
၂၄.၄.၂၀၁၁ (တနင်္ဂနွေ)