29 Jul 2011

စွဲလန်းခြင်းဟူသည်...


နံနက် အိပ်ရာအထ ကျွန်တော် ရေအိမ်အသွား မီးဖိုချောင်ထောင့်နားမှ ကြွက်ထောင်ချောက်မှာ ကြွက်တစ်ကောင် မိပြီး သေဆုံးနေသည်။ အိမ်ရှင်တွေ ညက ထောင်ချောက်ဆင်ထားပုံရသည်။ ကြွက်ထောင်ချောက်နဲ့ မလှမ်းမကမ်းမှာတော့ ထမင်းလုံးစိတွေ။ အင်း…တစ်ကယ်ဆို ကြွက်ထောင်ချောက်က ကြွက်အတွက် သိပ်ကြောက်စရာမကောင်း။ ဒီထမင်းလုံးစိတွေကသာ ကြွက်ကို ထောင်ချောက်အတွင်း ပို့ဆောင်သည့် အဓိကတရားခံ မလား။ ဒါတွေကြောင့်သာမဟုတ်လျှင် ကြွက်အဖို့ ဒီထောင်ချောက်နား သက်ဆင်းရန် ဖြစ်နိုင်ချေအလွန်နည်းသည်။ ဒီတော့ ကြွက်က သူ့ရဲ့ စွဲလန်းခြင်းစိတ်ထောင်ချောက်ကြောင့် ဒုက္ခရောက်ရသည် ပြောလျှင် ပိုမှန်သည်။ “ဟက် ဟက်…” ကြွက်ထောင်ချောက်မှ ကြွက်ကို ကြည့်ရင်း စောစောစီးစီးအတွေးပွားမိနေသော ကျွန်တော့်ကို ကျွန်တော် အသံထွက်အောင် ရယ်လိုက်မိသည်။
xxxxx
(၁)

“မောင်…နုကို ချစ်သေးလားဟင်….”
“ချစ်တာပေါ့ နုရဲ့ သိရဲ့သားနဲ့ မေးရက်လိုက်တာဗျာ…”
“ဟဲဟဲ…သိဘူးလေ ဒီကလူကြီးက စိမ်းကားပြီးပစ်သွားမှာ  နု စိုးပါတယ်…”
ချစ်သူရဲ့ ချစ်စဖွယ် အမူအယာနဲ့ အပြောလေးကြားတွင် ကျွန်တော် အသည်းယားသွားသည်။ သူ့ခေါင်းလေးကို ကျွန်တော် အသာအယာထုရင်း မေးစေ့လေးကို ညင်သာယုယစွာကိုင်လိုက်သည်။                             
“နုက တော်တော် စကားတတ်တာပဲ…..”
နုက ခိုးခိုးခစ်ခစ်လေးရယ်ပြီး ကျွန်တော်ကို လာဖက်သည်။ 

ကျွန်တော် လေထဲ မြောက်သွားသလိုပင် ပျော်ရွှင်ကြည်နူးနေခိုက် နုက ကျွန်တော့်ကို ဆောင့်တွန်းလိုက်သည်။ ကျွန်တော် ဟန်ချက်ပြန်ထိန်းရင်း နားမလည်သလို နုကို ပြန်ကြည့်လိုက်သည်။ နုက “မောင် မကောင်းဘူး လုံးဝမကောင်းဘူး ဟိုတစ်လောကပဲ နုကို ဆေးလိပ်ပြတ်ပြီလို့ ပြောထားပြီး…အခု မောင့်ကိုယ်ပေါ်က ဆေးလိပ်နံ့က ဘာလဲ..မောင် နုကို ရွေးမှာလား ဆေးလိပ်ကို ရွေးမှာလား ဒါပဲပြော” ဟု အော်ဟစ်ပြောဆိုသည်။ ဟာသွားပြီ ! ကျွန်တော့်ကို ကျွန်တော်ပြန်နမ်းကြည့်သည်။ ဟုတ်ပါရဲ့ နောက်ကျမှာ စိုးနေ၍ ဆေးလိပ်ဖွာပြီး အင်္ကျီ ပြောင်းဝတ်ဖို့ ကျွန်တော်မေ့သွားသည်။ ကျွန်တော် ထစ်ထစ်အအနဲ့ “နု …..နုရယ်…အဲလိုတော့ မလုပ်ပါနဲ့ မောင် ဆေးလိပ်ဖြတ်နိုင်အောင် ကြိုးစား စား နေပါတယ် ကွယ် နော်..နော်……” ဟု ပြာသလဲလဲ ရှင်းပြရသည်။ “မောင် အဲလို ပြောတာ ဘယ်နှစ်ခါရှိပြီလဲ….နု ဆေးလိပ်နံ့မခံနိုင်တာ မောင်သိတယ်နော်…..ဒါပဲ..ဆေးလိပ်မဖြတ်သရွေ့ နုကို ဘယ်တော့မှ လာမတွေ့နဲ့” နုက ပြောလည်း ပြော သူမ အိတ်ကို ဆွဲယူရင်း လမ်းမကိုပဲ မကျေနပ်သလိုလို ဒေါင့်ဖိနပ်ကို အသံမြည်အောင် လျှောက်ပြေးလေး ပြေးသွားတော့သည်။

“သွားပြီ သွားပြီ ကြည်နူးနေတာလေးတွေ ပျောက်ပါပြီကွာ”..ကျွန်တော် တစ်ကိုယ်တည်း ရေရွတ်မိသည်။ နု ဒီတစ်ခါတော့ တစ်ယောက်တည်း အလျင် လှည့်ပြန်ပုံထောက်ရင် အတော်စိတ်ဆိုးနေပြီ…ကျွန်တော်တစ်ခုခု လုပ်မှ ဖြစ်တော့မည်။ တောက်..ဟု တစ်ချက်ခေါက်ရင်း လက်က ကျင့်သားရနေသလို အိတ်ကပ်ကို လှမ်းစမ်းမိသည်။ အသင့်ပါလာသော စီးကရက်ကို မီးညှိပြီး ဖွာလိုက်သည်။ ကိုယ့်ကိုကိုယ် သတိထားမိသောအခါမှ ဆေးလိပ်ကို မီးပြန်ငြိမ်းရသည်။ “အော် ငါ့နှယ်”…ဟု ကိုယ့်ဘာသာပြောရင်း ကိုယ်အဖြစ်ကိုယ် ပြုံးမိသည်။ လက်က နာရီကို ကြည့်လိုက်တော့ မြို့ထဲသို့ သွားရမည်ကို ကျွန်တော် သတိရမိသည်။

 (၂)

ကျွန်တော်ရောက်သွားတော့ အန်တီလှက ကြိုရောက်နှင့်နေပြီဖြစ်သည်။
“အေး…မောင်ရင် ထိုင်ကွယ်...လက်ဖက်ရည်ကြိုမှာပေးထားတယ်….”
ရန်ကုန်နေပူပူအောက်မှာ အသားကုန်ပြေးလာရ၍ ကျွန်တော် အတော်မောနေသည်။ လက်ဖက်ရည်ပူ မပူ ကျွန်တော်မသိတော့ ဟန်မဆောင်နိုင်စွာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ အတန်ငယ်အေးနေ၍ တော်သေးသည်။

အန်တီလှက စ၍  “ဟင်း..ဟင်း မောင်ရင် မောနေတယ် ထင်တယ်..စာအုပ်ကိစ္စ ပြောရရင်တော့ အန်တီတို့တိုက် အနေနဲ့ မင်းကို တစ်ပုဒ်လောက် ထပ်ပြီးရေးစေချင်တယ်…၉ ပုဒ်က စာအုပ်တစ်အုပ်ထုတ်လောက်ဖို့နည်းနေတယ်ကွယ့်….၁၀ ပုဒ် ဆိုရင်……………”။ ကျွန်တော် အန်တီလှ ပြောတာထဲ စိတ်မရောက်မိတော့။ ကျွန်တော့်ချစ်သူ ညိုချောလေး နုကို သွားသတိရပြီး ရင်ထဲဆစ်ခနဲ့ ဖြစ်သွားသည်။ ချစ်သူကို ဘယ်လို ချော့ရမပါ့.. ဆေးလိပ်ကို မီးညှိကာ တစ်ဖွာပြီး တစ်ဖွာ ဖွာရင်း ကျွန်တော် တွေးနေမိသည်။
“ဒီမှာ… ဒီမှာ….ဒီမှာ မောင်ရင်”…….ကျွန်တော့်နားကို ကပ်ပြီး အော်လိုက်တဲ့အသံကြောင့် ကျွန်တော် အထိတ်တလန့်ဖြစ်သွားသည်။ ကျွန်တော်အတွေးလွန်နေတာ သတိပြုမိပြီး အန်တီလှကို အားနာသမှုဖြင့် ကျွန်တော် တောင်းပန်လိုက်သည်။ အန်တီလှက သိပ်မကျေနပ်ချင်သေး။ မျက်နှာထားတင်းတင်းဖြင့် “ဒီမှာ မောင်ရင် မင်းဆေးလိပ်သောက်တာ အဒေါ်နဲ့တော့ သိပ်မဆိုင်ပါဘူးကွယ်..ဒါပေမယ့် အဒေါ်အနေနဲ့တော့ မသောက်စေချင်ဘူး..မင်းအဲလို ဆေးလိပ်သောက်လွန်းလို့ အခုထိ မကြီးပွားတာ သိရဲ့လား..ပြီးတော့ နောက်တစ်ခါ အဒေါ်ရှေ့မှာ ဆေးလိပ်နောက်မသောက်ပါနဲ့ ကလေကချေကျနေတာပဲ အဒေါ်သည်းညည်းခံတာ သုံးလေးခါမကတော့ဘူး..နောက်တစ်ခါဆို သည်းမခံဘူးမှတ်ပါ ”  ဟု ကရားရေလွှတ် တတွတ်တွတ်ပြောလိုက်သည်။ ကျွန်တော့်စိတ်ထဲ ထောင်းခနဲ ဒေါသဖြစ်သွားသော်လည်း ကျွန်တော်က အမှားလုပ်မိသည်ကိုး။ မျက်နှာငယ်လေးဖြင့် “ကျွန်တော် နောက်တစ်ခါ မဖြစ်စေရပါဘူး” ဟုသာ ကတိပေးလိုက်ရသည်။

(၃)

အိမ်သို့ရောက်တော့ ကျွန်တော့်စိတ်တွေ အတော်နောက်ကျိနေပြီ။ လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ကျွန်တော် တစ်ရေးအိပ်လိုက်သည်။ ဝီ…….ဝီ ………ဝီ……….ဝီ…….ကျွန်တော့် နားတွင် ဆူညံစွာလှည့်ပတ်နေသော ခြင်တွေကြောင့် ကျွန်တော်နိုးသွားသည်။ အော် အမြင်ကတ်စရာကောင်းတဲ့ ခြင်တွေ….သို့ပေသိ သူတို့ပဲ ကျေးဇူးတင်ရမလားမသိ ကျွန်တော် စာမူတစ်ပုဒ် လာမယ့် တနင်္လာမှာ ပို့ပေးရမှာကို သတိရသွားသည်။ ကြည်လင်နေသော စိတ်လေးနဲ့ ကျွန်တော် စာကြည့်စားပွဲပေါ်ထိုင်လိုက်သည်။ စာရေးဖို့ ဘောလ်ပင်ကို လွယ်အိတ်ထဲမှ တော်တော်နှင့် ထုတ်လို့မရ။ ကျွန်တော် သိပ်စိတ်မရှည်ချင်တော့။ လွယ်အိတ်ကို စောက်ထိုးမှောက်ချလိုက်သည်။ ဒတ်..ဒတ်..ဒတ် ..ဒတ်..တစ်ခုခုတော့ စားပွဲပေါ်ကို ကျသွားပြီ။ အသံလာရာကို ကျွန်တော်ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ ငယ်ချစ်ဦး ရွှေဝါရောင် စီးကရက်ဘူးလေး။

ကျွန်တော့်မှာ နုထက် အရင် ချစ်ခဲ့ဖူးရသော ငယ်ချစ်ဦးရှိခဲ့ဖူးသည်..ယခုလည်း ချစ်နေဆဲပင်ဟုပြောလျှင် နု ဘယ်လို တုံ့ပြန်မည်မသိ။ ကျွန်တော် ၉ တန်းနှစ်ကတည်းက ကျွန်တော့်ငယ်ချစ်ဦး (ဝါ) ဆေးလိပ်ကို အပေါင်းအသင်းများမှ တစ်ဆင့် အစပြုပြီး စတင် သောက်သုံးတတ်လာသည်။ အစကတော့ စမ်းသပ်ကြည့်ရုံ ကျွန်တော် သဘောထားခဲ့သော်လည်း ကြာလာသည်နှင့်အမျှ သူမက မသိမသာ ကျွန်တော့်ရဲ့ အသွေးအသားထဲမှာ စိမ့်ဝင်လာခဲ့သည်။ တစ်ဖြည်းဖြည်းနဲ့ သူမက ကျွန်တော့်ရဲ့ တစ်ကိုယ်ရေ ညတွေမှာ ကျွန်တော်ကို အဖော်ပြုပေးတတ်သည်။ နု နှင့် မတွေ့ခင်အချိန်အထိ သူမက ကျွန်တော့်ရဲ့ ဘဝမှာ 
မရှိမဖြစ်အရာတစ်ခု ဖြစ်ခဲ့သည်။ ထားပါတော့လေ……………………………………………….

စီးကရက်ဘူးလေးကို ကောက်ယူရင်း ကျွန်တော် နံနက်တုန်းက ဖြစ်ခဲ့တာတွေ မြင်ယောင်လာသည်။ ကျွန်တော့်ချစ်သူ နုလည်း စိတ်ကောက်သွားသည်။ ထမင်းရှင်ဖြစ်သော အန်တီလှလည်း ငြိုငြင်သွားသည်။ စာရေးဆရာတစ်ဦးဖြစ်သူ ကျွန်တော့်ဝင်ငွေတွေလည်း ဒီကောင့်ကြောင့် ထောင်းလှပြီ။ ဒီဆေးလိပ်တော့ ဖြတ်ကို ဖြတ်ရမည်။ ကျွန်တော် အမှန်က ဆေးလိပ်ကို မဖြတ်ဘူးတာမဟုတ် ဖြတ်ဘူးသည်။ လွန်ခဲ့သော တစ်လက….

ချစ်ရသူ နုက ဆေးလိပ်နံ့မခံနိုင်ဘူးလို့ ပြောင်ပြောင်တင်းတင်း ဖွင့်ပြောတဲ့အချိန်…အချစ်အတွက်နဲ့ ကျွန်တော် ဆေးလိပ်ကို ပြတ်အောင် ဖြတ်မယ်ဟု ဆုံးဖြတ်လိုက်သည်။ ကျွန်တော် ရှိသမျှပိုက်ဆံတွေ အားလုံးကို နုအား အပ်ထားလိုက်သည်။ ပိုက်ဆံမရှိလျှင် ဘယ်လောက်သောက်ချင်ချင် ကျွန်တော် ဝယ်သောက်မည် မဟုတ်ဟု ကျွန်တော်ရော နုပါ အပိုင်တွက်ထားသည်။ ကျွန်တော် လပေးမှာစားသော ထမင်းချိုင့်ကို တစ်ဝစားပြီး ကျွန်တော် အိပ်ပျော်ရန်ကြိုးစားသည်။ ဒါပေမယ့် အိပ်မပျော်။ ကျွန်တော့် စိတ်ထဲ တစ်ခုခုလိုသလို ကျွန်တော်ခံစားရသည်။ ပါးစပ်မှ ချဉ်တင်တင်ဖြစ်နေသည်။ ကျွန်တော်ထပ် မခံစားနိုင်တော့…မရတော့။ တစ်လိပ်လောက်တော့ ကျွန်တော် သောက်ရမှ ဖြစ်မည်။ကျွန်တော် ခြေလှမ်းတွေက လမ်းထိပ်ကွမ်းယာဆိုင်ကို အလိုလို ရောက်သွားသည်။ ကွမ်းယာဆိုင်က ကောင်မလေးကို အသားကုန်ပြုံးဖြီးပြကာ ဆေးလိပ်တစ်လိပ် မရအရပြောကာ အကြွေးဝယ်လိုက်ရသည်။ နု သိသွားတော့ ကျွန်တော့်ကို စိတ်ကောက်သည့်အပြင် သနားလည်း သနားသွားသည်။

ဒီတစ်ခါတော့ ကျွန်တော် ဆေးလိပ်အပြီး ဖြတ်နိုင်ဖို့ ကြိုးစားရမည်။ လက်ထဲမှ စီးကရက်ဘူးကို ကြည့်ကာ ကျွန်တော် ရွံရှာစွာ တစ်ချက် အသေအချာကြည့်လိုက်သည်။ ပြီးတော့ အရှိန်ပြင်းပြင်းဖြင့် မြေပြင်ပေါ်ကို ပစ်ပေါက်လိုက်သည်။ ဘူးမှ စီးကရက်များ မြေပြင်ပေါ်ကို ပျံ့ကျဲထွက်ကျသွားသည်။ ကျွန်တော့်မျက်လုံးများထဲမှာ ချစ်သူရဲ့ ပြုံးချိုမြနေတဲ့ မျက်နှာထား…အန်တီလှရဲ့ ကြည်ကြည်ဖြူဖြူအပြုံး...များစွာသော ပိုက်ဆံတွေကို တစ်လှည့်စီ မြင်ယောင်မိပြီး တစ်ချက်ပြုံးလိုက်သည်။ ကျွန်တော် အပြီးဖြတ်ရမည့် စာမူအပေါ်စိတ်နှစ်ကာ ရေးနေလိုက်သည်။

(၄)

ဒေါင် ဒေါင် ဒေါင်…ဘောလ်ပင်အသာချပြီး နာရီကို ကြည့်လိုက်တော့ ည (၁၂) နာရီ ထိုးလေပြီ။ ထိုင်ခုံမှထပြီး ကျွန်တော်အကြောဆန့်လိုက်သည်။ ကျွန်တော့် တစ်ကိုယ်လုံး ရှိန်းတိန်းတိန်း ဖြစ်နေသလိုသည်။ အသွေးအသားထဲမှ တစ်ခုခုကို တောင်းဆိုနေပြီ။ ကျွန်တော် လျစ်လျူရှုနိုင်ဖို့ ကြိုးစားလိုက်သည်။ အာခေါင်တစ်ခုလုံး ခြောက်သွေ့သွေ့ဖြစ်လာသည်။  ကျွန်တော် ဆေးလိပ်သောက်စဉ် ခံစားရသော နှစ်လိုဖွယ်ရာခံစားမှုကို တမ်းတလာသည်။

ကျွန်တော်ကိုယ်ကျွန်တော်သတိမထားလိုက်မိချိန်မှာပဲ တုန်တုန်ယင်ယင်လက်တွေက မြေပြင်ပေါ်မှ 
စီးကရက်ကို ကောက်ယူရန် ကြိုးစားလိုက်သည်။ စူပုပ်နေသော ချစ်သူနု၏ မျက်နှာနုနုလေးနှင့် အန်တီလှရဲ့ မဲ့မဲ့ရွဲ့ရွဲ့မျက်နှာကို ကျွန်တော် မြင်ယောင်လာသည်။ မတတ်နိုင်…ဒီတစ်လိပ်တော့ ကျွန်တော် သောက်ရပါလိမ့်မည်။

နံနက်ခင်းအစောပိုင်းက ထောင်ချောက်တွင် သေနေသော ကြွက်ကို ကျွန်တော် မြင်ယောင်လာသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဆေးလိပ်ကို စွဲလန်းခြင်းဟူသော ထောင်ချောက်အတွင်း သက်ဆင်းနေရသည် ပိတ်မိနေသည် ကို အထိတ်တလန့် ကျွန်တော် သတိပြုမိတော့ တစ်ဖက်တွင် မြေပြင်မှ ဖုန်တစ်ချို့ပေနေတဲ့ ဆေးလိပ်ကို ကျွန်တော် နှုတ်ခမ်းမှာ တေ့ပြီး မီးညှိလျက်သား ဖြစ်နေသည်။ ဖွာထုတ်လိုက်သော ဆေးလိပ်အငွေ့များကတော့ ညသန်းခေါင်ယံမှာ ကြောက်စရာ အရိပ်ကြီးများကို ဖန်တီးကာ ကျွန်တော့်ကို ခြောက်ခြားစေလျက်။ ။
xxxxx

ဝါလေး (PIC)
၉.၃၂ မိနစ်
၂၇.၇.၂၀၁၁

No comments:

Post a Comment