24 Jul 2011

မွုန္ပ်ပ် အေတြးမွ်င္မ်ား

(၁)

နံနက်စောစော (၇) နာရီခန့် သူမ သင်တန်းသွားခါနီး ဈေးကို ဝင်လိုက်သည်။ ဈေးက ပျားပန်းခပ်မျှ လူတွေနဲ့ လှုပ်ရှားအသက်ဝင်နေသည်။ တဂွိဂွိမြည်နေသော ဗိုက်ကို ပွတ်ရင်း သူမ တစ်ခုခုဝယ်ဖို့ စဉ်းစားလိုက်သည်။ ထိုစဉ် မွှေးပျံ့သော ခေါက်ဆွဲကြော်ရနံ့က နှာခေါင်းကို ဆောင့်ပြီး ဝင်လာသည်။ သွားရည်မြိုချလိုက်ပြီး ပိုက်ဆံ (၅၀၀) တန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူမ ဆိုင်နားသွားလိုက်သည်။ သူမ ခေါက်ဆွဲကြော်စောင့်နေတုန်း ကိုရင်လေးတစ်ပါး ထိုဆိုင်ရှင်ဆီ အလှူလာခံသည်။ ထိုကိုရင်လေး၏ ပုံပန်းသွင်ပြင်မှာ မသားနားလှပေ။ ခေါင်းပေါ်မှ ဒက်တွေ အနာတွေ နှင့် သင်္ကန်းမှာမူ ဟောင်းနွမ်းလွန်းလှသည်။ သို့သော် သူမ မျက်စိထဲတွင် ဈေးသည်အဒေါ်ကြီးဆိုင်ရှေ့မှာ မျက်လွှာကိုချလျှက် အလှူခံနေပုံမှာ ကြည်ညိုစရာကောင်းလှသည်။

ထိုအဒေါ်ကြီးက တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းတစ်ချက်ရွဲ့ကာ “ကန်တော့ပါသေးရဲ့ ကိုယ်တော်” လို့ ခပ်ဆတ်ဆတ်ပြောလိုက်သည်။ ဘာရယ်မဟုတ် သူမဈေးသည်အဒေါ်ကြီး၏ ဈေးဗန်းထဲ အကြည့်တစ်ချက်ရောက်မိသည်။ ထောင်တန်ပေါင်းများစွာ….။ ။ သူမရဲ့ ခေါက်ဆွဲကြော်ထုပ်လေးကိုရတော့ အချိန်မဆိုင်းဘဲ ကိုရင်လေးနောက် အပြေးလိုက်ကာ သူမ လှူလိုက်သည်။ ဈေးထဲမှာဖြစ်လင့်ကစား ဖိနပ်ကို ချွတ်ပြီး လက်အုပ်ချီကာ သူမ ရိုသေလေးစားစွာ လှူလိုက်သည်။ ကြည်နူးပီတြိဖစ်မှုက ခန္ဓာကိုယ် အနှံ့မှာ ပျံ့နှံ့သွားသည်။ သင်တန်းကို စိတ်ရောက်သွားတော့ သူမ ကပျာကယာ (၁၀၀) တန် ပေါင်မုန့်တစ်ခု ဝယ်စားပြီး ရေနှင့်မျှောကာ ဘတ်စ်ကားဂိတ်ဆီသို့ ဦးတည်လိုက်သည်။

(၂)

သင်တန်းချိန်နောက်ကျနေပြီ ဖြစ်သောကြောင့် သူမ မှတ်တိုင်မှ ဆင်းဆင်းချင်း သင်တန်းကို အပြေးတစ်ပိုင်း သွားရသည်။ သင်တန်းကို ရောက်သွားတော့ သူမ ထိုင်နေကျ နေရာမှာ ထိုင်နေသော စုသက်စံကို တွေ့လိုက်သည်။ ပြုံးဖြီးဖြီးမျက်နှာပေးနဲ့ သူမကို ကြည့်နေတော့ သူမ တော်တော်အမြင်ကပ်သွားသည်။ သူမရဲ့ မူပိုင်လိုဖြစ်နေသော ရှေ့ဘက်ကျကျခုံ နေရာမှာ ထိုင်ရလေခြင်းဟု သူမ အခံရခက်သွားသည်။ စိတ်ထဲမှ “ကောင်မစုတ် သူများနေရာ လုတဲ့ ဟာမ” လို့ ပျစ်ပျစ်နှစ်နှစ်ဆဲပြီး နောက်တန်းမှ ခုံကို အသံမြည်အောင် တမင်လုပ်ပြီး ထိုင်လိုက်သည်။ စုသက်စံက နောက်လှည့်ဖြစ်အောင် လှည့်ပြီး ငါးခူပြုံးပြုံးပြပြန်တော့ သူမ မျက်စောင်းထိုးလိုက်သည်။

စာသင်ချိန်တစ်ချိန်ပြီးသွားတော့ စုသက်စံက လုပ်နေကျအတိုင်း စလာပါတော့တယ်။ ရှေ့ဆုံးတန်းမှာ ထိုင်နေရာက နောက်ဘက်ကိုလှည့်ပြီး သူမ ဝတ်လာတဲ့ နာရီအသစ်ကို မမြင်မြင်အောင် လက်ကိုမြှောက်ကာ “ဒီနာရီကလေ…မနေ့က ဒယ်ဒီက ဝယ်ပေးတာ…သုံးသိန်းတောင် ပေးရတယ် မလှဘူးလားဟင်…ပြီးတော့ ဒီမှာ ဒီလိုနာရီမျိုးက အရမ်းရှားတာ သိလား…နင်တို့ ဘယ်သူတွေဒီလိုများဝတ်တာ မြင်ဖူးလို့လဲ…ငါ့ဒယ်ဒီက အစတုန်းက ၅ သိန်းတန်ဝယ်ပေးမလို့ဟ..ငါ တားလို့ ဒီနာရီလေးပဲ ဝယ်ပေးတာ..နာရီလေးက ဒီရွှေကြိုးက တကယ့်အစစ်လေ…ဂျပန်မိတ်ဟ” ဟု တရစပ် ပြောလိုက်သည်။ နောက်တန်းမှ အေးမိတို့ အုပ်စုကလည်း ပါးစပ်ထဲ ယင်ကောင်ဝင်မတတ် ပါးစပ်အဟောင်းသားနဲ့ နားထောင်နေကြတယ်။

သူမ စိတ်ထဲမရိုးမရွဖြစ်လာပြီး “အံမယ်လေး…အံမယ်လေး တံတွေးတောင် ဒီထိ စင်တယ်ဟ စက်သေနတ်ပစ်တာကျနေတာပဲ…အာပုတ်နံ့တထောင်းထောင်းနဲ့ ဟွန့်” လို့ တစ်ဖက်လှည့်ကာ ကြားအောင် အော်ပြောလိုက်သည်။ အတွေးပေါက်သွားသော အေးမိတို့အုပ်စု တဝါးဝါးတဟားဟားရယ်ကြတော့သည်။ စုသက်စံ ရှက်သွားပုံရသည်။ ရုတ်ချည်း ရှေ့ဘက်လှည့်သွားပြီး စာကြည့်ချင်ယောင်ဆောင်တော့သည်။ သူမလည်း အောင်နိုင်သူ အပြုံးလေးနဲ့ ကျိတ်ရယ်လိုက်သည်။

(၃)

မြေနီကုန်း  လှည်းတန်း အေဘီစီ ရောက်တယ်ဟေ့………………

သူမ အသင့်ရောက်လာသော ဘတ်စကားပေါ်ကို တိုးတက်လိုက်သည်။ ကံကောင်းထောက်မစွာ ကားအလယ် ထိုင်ခုံနှစ်ခုံတန်းမှ တစ်နေရာ လပ်နေသည်။ သူမ အပြေးလေးဝင်ထိုင်လိုက်သည်။ သူမ အိတ်ထဲမှာ အဆင်သင့်ထည့်လာသော တိုစာအုပ်လေးကို ထုတ်ပြီး ဖတ်နေလိုက်သည်။
တံတားဖြူမှတ်တိုင်နားရောက်တော့ ကားပေါ်ကို အဘွားအိုတစ်ယောက် တက်လာပြီး သူမတို့နား လာရပ်သည်။ အဘွားအိုက တုန်တုန်ချိချိဖြင့် သူမတို့ ခုံလက်တန်းကို အားကိုးတကြီး ဆွဲကိုင်ထားသည်။ ဘတ်စကားတစ်ချက်ခုန်သွားတိုင်း ဘုရား ဘုရား ဟု တ နေရှာသည်။  ဘတ်စကားက ရှေ့မှတ်တိုင်ရောက်သောအခါ လူများပြုံပြီး ဆင်းကြသဖြင့် အဘွားအိုခမျာ လူအုပ်ထဲညှပ်ပြီး မပါသွားစေရန် သူမထိုင်နေသော ထိုင်ခုံလက်တန်းအား အတင်းဆွဲထားသည်။ သူမ စိတ်ထဲ မသိုးမသန့်ဖြစ်သွားသည်။ လှည်းတန်းမှတ်တိုင်ကို ရောက်ဖို့ အဝေးကြီးလိုအုံးမည်လေ။ နေရာမှလည်း မဖယ်ပေးချင်မိ။ ဖယ်ချင်းဖယ် ဘေးနားမှာ ထိုင်နေသော ဦးလေးကြီးက ဖယ်ပေးသင့်သည်။ ဘေးနားမှာ ထိုင်နေသော အသက် (၄၀) ဝန်းကျင် ယောကျာင်္းကြီးကို အားကိုးတကြီး ကြည့်တော့ ဘာမှ မဖြစ်သလို မျက်နှာပေးနှင့်။ ပိုက်ဆံအိတ်ကြီးကို တင်းတင်းကိုင်ကာ ဘာမထီမျက်နှာထားနှင့်။

အဘွားအိုကို ဂရုပြုမိစေရန် အလို့ငှာ “အဟမ်း အဟမ်း” ဟု သူမ ချောင်းဟန့်လိုက်သည်။ ထိုလူကြီးက သူမကို စောင်းကြည့်သည်။ အဘွားအိုကို မြင်သွားသည်။ ပြီးတော့ ဘာမှမဖြစ်သလို တစ်ခြားဖက်ကို လှည့်သွားတော့သည်။ “ဒီလူ တော်တော်ပင် စာနာစိတ်မရှိပါလား လူမဆန်ပါ့လား”  ဟု သူမ သူမ အတော် ဒေါဖောင်းသွားသည်။ ပိုကျယ်အောင် ချောင်းဟန့်လိုက်သည်။ ထိုလူကြီးက ပြန်စောင်းကြည့်တော့ သူမ မျက်စောင်းထိုးလိုက်သည်။ ထိုလူကြီးက မျက်လုံးအပြူးသားနဲ့သာ သူမကို စိုက်ကြည့်နေသည်။
သူမ အဘွားအိုဘက်ကို လှည့်မိတော့ အဘွားအိုမှာ တုန်တုန် ချိချိနဲ့ နောက်မှတ်တိုင်မှာ ဆင်းတော့သည်။ စပယ်ယာက “ဟာ…..အဘွား အဘွား မြန်မြန်ဆင်းဗျာ ဒီမှာ အချိန်နဲ့ လုပ်နေတာဗျ….ခရီးသည်တွေ တက်လို့မလွယ်ကူဘူး…အဘွားက အပေါက်ဝမှာ ပြူတစ်ပြူတစ်နဲ့”…အော်တော့သည်။ အဘွားအိုခမျာ လဲကျမှာလည်း ကြောက် စပယ်ယာကိုလည်း အားနာပြီး ချွေးစေးပြန်နေပုံရသည်. မျက်နှာမကောင်းစွာ တုန်တုန်ချိချိနှင့် ခြေလှမ်းတွေမှားကာ အပေါက်ဝမှ ကို့ယို့ကားယား ဆင်းလေးတော့သည်။ သူမကတော့ အဘွားအိုရဲ့ ကျောပြင်ကို ငေးကြည့်မိရုံမှ တပါး…………….

(၄)

သူမ တစ်နေ့တာအတွင်း မှတ်မှတ်ရရဖြစ်နေသော မှတ်တမ်းများ ရေးအပြီး ဒိုင်ယာရီစာအုပ်လေးကို စားပွဲပေါ်မှာ တင်ထားလိုက်သည်။ ထို့နောက် သူမ အနားယူရန် အိပ်ရာဝင်တော့လေသည်။ ည (၁၂) နာရီထိုး သံချောင်းခေါက်လေပြီ။
ဒိုင်ယာရီစာအုပ်မှ စာရွက်လေးများက ညည့်လေပြေကြားမှာ ဖြည်းဖြည်းချင်းလှုပ်ရှားနေသည်။ စာအုပ်လေးအဖုံးပေါ်က ရောင်စုံလိပ်ပြာလေးများ ရုတ်တရက် တလဲ့လဲ့ အရောင်တောက်လာသည်။ စာအုပ်လေးက သူ့သခင်မလေး အိပ်နေတာကို တစ်ချက်ကြည့်ရင်း သက်ပြင်းများအခါခါချမိသည်။ သူ့သခင်မလေး၏ လုပ်ရပ်များသည် သူ့အတွက် ပဟေဋ္ဌိဆန်လွန်းနေသည်။

သူ့သခင်မလေးက အလှူအကြောင်း သူ့စာရွက်လေးများပေါ်မှာ မှတ်တမ်းတင်သောအခါ သူ့သခင်မလေးကို နူးညံ့လွန်းသည့် နတ်သမီးအလား သူထင်မိသည်။ သူ့သခင်မလေး၏ အပြုအမူလေးက သူ့ စိတ်နှလုံးကို အေးချမ်းသွားစေသည်။ စဉ်းစားကြည့်ပါအုံး။ ပိုက်ဆံတွေ အများကြီးရှိတဲ့ ဆိုင်ရှင် အဒေါ်ကြီးက လှူဖို့တန်းဖို့ကို လက်တွန့်နေတဲ့အချိန်မှာ သူ့သခင်မလို နွမ်းနွမ်းပါးပါး ကောင်မလေးတစ်ယောက်က ရက်ရက်ရောရော လွယ်လွယ်ကူကူ လှူတန်းနိုင်သည်လေ။ ပိုက်ဆံတွေ အများကြီး ပိုင်ဆိုင်နေတဲ့သူက ပိုင်ဆိုင်လေ ပိုလောဘတက်ပြီး အနည်းငယ်သော ပမာဏကိုပင် မဆုံးရှုံးလိုခြင်းလော။ သူ မတွေးတတ်တော့ပေ။ ဘာပဲပြောပြော ဒီအချက်တစ်ချက်ကြောင့်ပင် သူ သူ့သခင်မလေးအား အရမ်းလေးစား ချစ်ခင်မိသည်။
သခင်မလေး နှင့် သူငယ်ချင်းမ အကြောင်းကြားရတော့ သူ သခင်မလေးအား အံ့သြမိသည်။ သူ နူးညံ့သည်ဟု ထင်ထားသော သခင်မလေးက ငါးစိမ်းသည်လိုပင် ကက်ကက်လန် ရန်စွာတတ်ပါပေကော။ ညစ်ပတ်ကြမ်းကြုတ်သော စကားလုံးများနှင့် ရန်တွေ့တတ်သော သူများအား မနာလိုဖြစ်တတ်သော သူ့သခင်မလေးက ထိုနံနက်လေးကပင် ကိုရင်လေးတစ်ပါးအား ရိုသေလေးစားစွာ အရုဏ်ဆွမ်း ကပ်လှူခဲ့သည်ကို သူမေ့ချင်ချင်ဖြစ်သွားသည်။ သူ့ သခင်မလေးက တစ်ချိန်ကရေးဖူးသော “ဆိုးသွမ်းသော သူများတွင် ဆိုးကွက်ချည်းရှိသည်မဟုတ် ကောင်းကွက်လည်း ရှိတတ်သည်…ကောင်းသောသူများတွင်လည်း အနည်းအကျဉ်းတော့ ဆိုးကွက်များရှိတတ်သည်” ဟူသော စာကြောင်းကို သတိရကာ ခေါင်းတဆတ်ဆတ်ညိမ့်မိသည်။

သခင်မလေးရဲ့ ဘတ်စကားပေါ်မှ အတွေ့အကြုံကို တွေးမိသောအခါ သူ ရယ်ချင်စိတ်ပေါက်သွားသည်။  သူ့သခင်မလေး စိတ်က ရယ်ချင်စရာပင်။ ကြည့်ပါအုံး..သူမကကျတော့ အဘွားအိုအတွက် နေရာဖယ်ပေးဖို့ တွန့်တိုနေမိပြီး သူများကိုကျတော့ ဖယ်ပေးစေချင်လေသည်။ သူမ မျက်ချေးတော့ မမြင်ဘဲ သူများ မျက်ချေးကိုတော့ မြင်အောင် ကြည့်တတ်သည်။ သူမအတွက် လှည်းတန်းရောက်ဖို့ အဝေးကြီးလိုသေးတယ် ဆိုသော ဆင်ခြေလှလှလေးနဲ့ ကာကွယ်ထားတာကတော့ တွေးတတ်တယ်လို့ပဲ ပြောရမလား။ သူ့သခင်မလေးလိုဘဲ ထိုလူကြီးကလည်း ဆင်ခြင်လှလှလေးနဲ့ နေရာမှ မဖယ်ပေးတာ ဖြစ်နိုင်သည်ဟု သူတွေးမိသောအခါ တဟားဟား ရယ်မိတော့သည်။

အဘွားအကြောင်း သူ စိတ်ရောက်သွားသောအခါ ရင်ထဲဆို့သွားသည်။ ဘတ်စကားပေါ်တွင် ထိုင်စရာခုံမရှိ ချည့်နဲ့သော လက်အစုံဖြင့် ထိုင်ခုံလက်တန်းကို တင်းစွာ ဆုပ်ကိုင်ထားသော အဘွား…ကားတစ်ချက်လှုပ်တိုင်း မည်မျှအားငယ်ကြောက်ရွံ့နေရှာမည်နည်း။ ထိုထိုလူလူ ကပျာကယာ ဆင်းသောအခါ ဝင်တိုက်သွားလျှင် အဘွား၏ တုန်ချိချိ ကိုယ်လုံးလေး မည်မျှ ယိမ်းယိုင်သွားရှာမည်နည်း။ ကားစပါယ်ယာ၏ ဖေးမကူညီမှုမရှိဘဲ ငမ်းငေါက်ပြောဆိုသံကြား မည်မျှ ဝမ်းနည်းရှာမည်နည်း။ အဘွားတစ်ယောက် စာနာနားလည်မှုမရှိသော လူများကိုပဲ အပြစ်တင်နေမည်လား…ဘဝ၏ဆည်းဆာအချိန်ကို အတော်ပဲ စိတ်ပျက်နေမည်လား…ဒါမှမဟုတ် ကမ်းလင့်မည် နွေးထွေးသော လက်များကိုပဲ မျှော်လင့်နေမည်လား…..။ သူ စိတ်မသက်သာစွာပင် အကြိတ်အနယ်တွေးနေမိသည်။

ဒေါင်…ဒေါင်.. ဒေါင်…နံနက် (၅) နာရီ အချက်ပေး သံချောင်းခေါက်သံ သဲ့သဲ့ လွင်ပျံ့လာသည်။ စာအုပ်လေးအဖုံးမှ လိပ်ပြာရောင်စုံများ လင်းနေရာမှ မှောင်သွားသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တီ…တီ…တီ…တီ…တီ……

နှိုးစက်သံအကြား သူမ အိပ်ယာမှ အပျင်းဆန့်ကာ လူးလဲထလိုက်သည်။ နှိုးစက်ကို စာပွဲပေါ်ကို တင်တော့ ဒိုင်ယာရီစာအုပ်လေးက သူမ မနေ့က ရေးထားသည့် တစ်နေ့တာမှတ်တမ်းစာမျက်နှာမှာ ပွင့်လျက်သားရှိနေသည်။ သူမ ခေါင်းတစ်ချက်ကုတ်ရင်း အံဆွဲထဲကို စာအုပ်ပစ်ထည့်ကာ ရေချိုးရန်ပြင်တော့သည်။

ဝါလေး (PIC)
၂.၅၀ (နံနက်)
၁၆.၇.၂၀၁၁ (စနေ)

No comments:

Post a Comment