30 Aug 2011

ရောင်စုံသက်တန့်ဆီသို့...



(၁)

ကြယ်စင် ယခုလထုတ် စာစောင်ကို ကောက်ကိုင်လိုက်သည်။စာစောင် ပေါ်မှ မျက်နှာဖုံးရှင် မော်ဒယ်လ်လေးက မြင်ဖူးနေကျ မျက်နှာလို တရင်းတနှီး ဖြစ်နေသည်။ သေချာအောင် မျက်မှန်ကိုပင့်ကာ ကြယ်စင် ပြူးပြီး တစ်ခေါက်ကြည့်လိုက်သည်။ အလို သူမ မှ သူမပါလား။ ဘေးနားမှ ပါလာသော သူငယ်ချင်းက အနားတိုးလာပြီး မျက်နှာဖုံးရှင်က ဘယ်လောက်ချစ်စရာကောင်းကြောင်း လှကြောင်း ချီးမွမ်းခန်းတွေ ဖွင့်တော့သည်။သူငယ်ချင်းကို ကြယ်စင်က “အဲဒါ ငါ့သူငယ်ချင်းလေ” ပြောလိုက်တော့ သူငယ်ချင်းက ကြယ်စင့်ကို မျက်စောင်းထိုးကြည့်ပြီး ရယ်သည်။ ဘယ်လို သဘောလဲလို့ ဝေဝေခွဲခွဲမသိပေမယ့် ကြယ်စင် အထူးတလည်ဖြေရှင်းမနေတော့။

ဈေးထဲ ပတ်ပြီး ဝယ်ခြမ်းအပြီးမှာတော့ သူငယ်ချင်းက “ဒီနေ့ သွန်းရတနာ ကား မြဝတီမှာ ပြမှာ သိလား ကြည့်ဖြစ်အောင်ကြည့်လိုက် ရုံးတင်ပြီးသားကား ကောင်းတယ်လို့် ပြောကြတယ်” ဟု သတိတရနဲ့ ကြယ်စင်ကို ပြောလာသည်။ တီဗွီတွေ ဘာတွေ ကြည့်ရန် ဝါသနာမပါသော ကြယ်စင်တစ်ယောက် ယခုတစ်ခေါက်တော့ (၇) နာရီအမီ တီဗွီရှေ့ရောက်သွားသည်။ ယခင်က ယခုလိုအချိန်ဆို အပေါ်ထပ်ကိုယ့်အခန်းထဲမှာပဲ စာအုပ်လေးနဲ့ ငြိမ့်နေတတ်သည်ကိုး။ အိမ်သားတွေကတော့ အံ့သြသလို ကြယ်စင်ကို ကြည့်နေကြသည်။ မသိချင်ယောင်ပင် ဆောင်နေလိုက်သည်။

(၇) နာရီထိုးခါနီးတော့ တစ်အိမ်သားလုံးလိုလို ဧည့်ခန်းထဲကို စုရောက်လာကြသည်။ ယခင်ကလည်း ထိုအတိုင်းပဲလား ဒီနေ့မှ သွန်းရတနာကားကြောင့် ဒီလို စုရောက်လာတာလား ကြယ်စင် ပေါက်ပေါက်ရှာရှာတွေးလိုက်သည်။ ဟော ဇာတ်လမ်းစ ပြပါပြီ။  ဟယ်… သူမကို မြင်တော့ ကြယ်စင် အာမေဍ္ဍိတ်သံတိုးတိုးလေးထွက်မိသည်။ သူမပါတဲ့ ဇာတ်ဝင်ခန်းတွေ ရောက်တိုင်း ကြယ်စင် ရင်တလှပ်လှပ် ခုန်မိသည်။ သူမက အရမ်းကို လှပြီး ယုံကြည်မှုရှိလွန်းသည်။ ဇာတ်ကွက်တိုင်းမှာ အပိုအလိုမရှိ လှလှပပလေး သရုပ်ဆောင်တတ်လှသည်။ ဇာတ်လမ်းတစ်ခုလုံးကို ကြယ်စင် စိတ်ဝင်စားစွာ စောင့်ကြည့်မိသည်။ သွန်းရတနာ ဟာ တစ်ချိန်က ကြယ်စင် သိခဲ့ဖူးသော ဝတ်မှုန်ဆိုသော ကောင်မလေးဟု ဆိုလျှင် အားလုံးက ကြယ်စင်ကို ရယ်ပါလိမ့်မည်။   

(၂)

“ကြယ်စင် ကြီးလာရင် နင်ဘာလုပ်မှာလဲဟင”် လေသံတိုးတိုးလေးနဲ့ ဝတ်မှုန်ဆိုသော ကောင်မလေးက မပွင့်တပွင့်မေးသည်။
“အင်း..ငါကြီးလာရင်လား ဆရာဝန်မကြီး လုပ်မှာပေါ့ နင်ရော”
“ငါလား ကြီးလာရင်လေ…မရယ်နဲ့နော်…မင်းသမီး ဖြစ်ချင်တာ…ဘယ်သူ့မှ မပြောကြေး”
မရယ်နဲ့လို့ ပြောထားသည့်ကြားမှ ကြယ်စင် ရယ်မိသည်။ မှုန်မှုန်ကုပ်ကုပ် မျက်မှန်ထူထူ ခါးကိုင်းကိုင်း ကြောက်တတ်ရှက်တတ်သော ဝတ်မှုန်က မင်းသမီး ဖြစ်ချင်သည်ဆိုတော့ ရယ်စရာကောင်းနေသည်။ ဝတ်မှုန် မျက်နှာလေးနီရဲပြီး နှုတ်ခမ်းစူသွားသည်။ ကြယ်စင်လည်း ကပျာကယာဖြင့်
“ငါလည်းလေ…အမှန်က အဆိုတော် ဖြစ်ချင်တာ ဆရာဝန်မကြီးတော့ သိပ်မဖြစ်ချင်ဘူး ငါတို့ ပုံတွေနဲ့တော့ ဖြစ်အုံးမယ် ဟက်ဟက်” ဟု လေသံတိုးတိုးလေးနဲ့ ကြယ်စင် ဝန်ခံမိသည်။ ပြီးတော့ တိုက်ထားသည့်အတိုင်း နှစ်ယောက်သား သက်ပြင်း ပြိုင်တူချမိသည်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်လိုက်သည်။

မုန့်စားဆင်းတန်းသွားတိုင်း ဝတ်မှုန်က ကြယ်စင့်ကို သူမအား သေသေချာချာကြည့်ပေးဖို့ ပြောတတ်သည်။ “သူမ ဆံပင်တွေများပွနေလား အကျီများ ကို့ယို့ကားယားဖြစ်နေသလား…ထမီများ မညီမညာဖြစ်နေသလား”စသည်ဖြင့်။သူမကို သူမကွယ်ရာမှာ အများက ဘယ်လို မြင်မလဲဆိုတာ ဝတ်မှုန် အရမ်းဂရုစိုက်တတ်သည်။ စာအရမ်းတော်သော ဝတ်မှုန်ကို ဆရာမတွေက ပစားပေးတတ်ကြသည်။ ကျောင်းကပွဲတစ်ခုတွင် ခေါင်းဆောင်မင်းသမီးအဖြစ်လုပ်ရန် ခေါ်တတ်ကြသည်။ကျောင်းသူတော်တော်များများ လိုချင်သော နေရာဖြစ်သည်။ ကျောင်းကပွဲတွေက အမြဲလို လူစည်တတ်ပြီး ဗီဒီယိုရိုက်သူများလည်း ရှိကြသည်။ ထိုသို့သော အခွင့်အရေးကို ဝတ်မှုန်က တမ်းပြီး ငြင်းပစ်တော့ ကြယ်စင် အံ့သြရသည်။
ဆရာမထွက်သွားတော့ ဝတ်မှုန်ကို လက်တို့ပြီး ကြယ်စင်မေးမိသည်။

“ဟဲ့…ဝတ်မှုန်…နင်ပဲ မင်းသမီး ဖြစ်ချင်တယ်ဆို..အခုလို ကျောင်းပွဲတွေမှာပါတော့ အတွေ့အကြုံတွေ ဘာတွေရတာပေါ့ဟ..ဘာလို့ ငြင်းလိုက်တာလဲ”
“ငါလေ..ငါ ရှုံးရမှာ ကြောက်တယ် တစ်ကယ်လို့ ငါကတာ မတော်လို့ လူတွေ ထပြန်ရင် ဘယ်လိုလုပ်မလဲ..ပြီးတော့ ငါ့အကြောင်း ကွယ်ရာမှာ ပြက်ရယ်ပြုရင် ဘယ်လိုလုပ်မလဲ …ငါ ကြီးလာရင် မင်းသမီးလုပ်ချင်မှ လုပ်မှာပါဟာ…”
“ဒါပေမယ့် နင်ပဲ ဝါသနာပါတယ်ဆို..အင်း..ငါလည်း နင်သာဆို အဲလိုပဲ ငြင်းပစ်မှာပါ”ကြယ်စင် တိုးတိုးလေးပဲ ရေရွတ်မိသည်။ ဆက်ပြီး မတိုက်တွန်းမိတော့။

(၃)

ဖုန်းနံပါတ်အတွက် ဂဏန်းတွေ နိပ်ရင်းနဲ့ ကြယ်စင် စိတ်လှုပ်ရှားမိသည်။ နေ့လယ်က စာစောင်မှ ကြယ်စင် သူမ၏ ဖုန်းနံပါတ်ကို မှတ်ထား ခဲ့သည်။ သူမနှင့် တွေ့ရင် ဘာစပြောရင် ကောင်းမလဲ စဉ်းစားရင်း ကြယ်စင် ချွေးပြန်လာသည်။

“ဟလို ဘယ်သူပါလဲ…” တစ်ဖက်မှ ယောက်ျားအသံ ထွက်လာသည်။
“ဟ…လို… ဝတ်…အဲ…သွန်းရတနာနဲ့ ပြောချင်လို့ပါ ကျွန်မ သူ့ ငယ်သူငယ်ချင်းပါ…”
“ဘယ်သူလို့ ပြောရမလဲ”
“ကြယ်စင်လို့ ပြောပေးပါ”

ဝတ်မှုန်လာကိုင်တော့ ကြယ်စင် အရမ်းပျော်သွားသည်။ မတွေ့တာ (၅) နှစ်လောက် ရှိတော့မည်ကိုး။ ငယ်အကြောင်းတွေ စားမြုံ့ပြန်ရင်း ရယ်မောကြသည်။ ဝတ်မှုန်က မာနမကြီးဘဲ ကြယ်စင်ကို အရင်အတိုင်း ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံတော့ ကြယ်စင် ကြိတ်ဝမ်းသာပြီး ဂုဏ်ယူမိသည်။
ရုတ်တရက် ဝတ်မှုန်က ကြယ်စင့်ကို သီချင်းမဆိုဘူးလားဟု မေးလာသည်။
ကြယ်စင် ရုတ်တရက် ငိုင်သွားတာအမှန်။ ဖြေဖို့ အဖြေရှာမတွေ့ဘဲ သူမကို သာ ပြန်မေးမိသည်။

“နင် ဝတ်မှုန်ကနေ သွန်းရတနာဆိုတဲ့ မင်းသမီး အဖြစ်ရောက်ဖို့ ခွန်အားတွေ ဘယ်လိုရခဲ့လဲဟင် ငါလုံးဝ မထင်ခဲ့ဘူး”
သူမက တစ်ချက်ရယ်လိုက်ပြီး တည်ကြည်သော အသံဖြင့်
“ငါ ဆယ်တန်းပြီးတော့ ဘာလုပ်ရမလဲတွေးပြီး အရမ်းစိတ်ညစ်မိတယ်ဟ…တိုင်ပင်ဖော်နင်ကလည်း မော်လမြိုင်ပြောင်းသွားတယ်လေ…ဝါသနာမပါတဲ့ ဆရာဝန်အလုပ်ကို မလုပ်ချင်ဘူး..ကိုယ် ဝါသနာမပါတာနဲ့ ငါ့ဘဝကို အဆုံးမခံနိုင်ဘူးတွေးမိတယ်…ဒါပေမယ့် ငါ သူများတွေ ငါ့ကို ဘယ်လိုတွေးမယ်ဆိုတာ ဘယ်လောက်ဂရုစိုက်တတ်တယ်ဆိုတာလည်း နင်အသိသားပဲ…နာမည်ကျော်မင်းသမီးတစ်ယောက်ရဲ့ စကားတစ်ခွန်းကို ငါဖတ်ရတယ်..သူပြောထားတာက ကျွန်မအချိန်အများကြီးပေးပြီးမှ တခြားလူရဲ့အကြည့်နဲ့ ကိုယ့်ကိုယ်ကို မဝေဖန်၊ မပိုင်းခြားမိဖို့ သင်ယူခဲ့ရတယ်တဲ့ 
မောသွားဟန်ဖြင့် သူမ တစ်ချက် ရပ်လိုက်သည်။ ကြယ်စင် ဒီအတိုင်းသာ ငြိမ်ပြီး ပြောလာမည့် စကားကို စောင့်နေလိုက်သည်။

“သူလို နာမည်ကျော် မင်းသမီးတောင် အဲလို ဖြစ်ဖူးခဲ့တာပဲ…ပြီးတော့ နင်ကြားဖူးတယ်မလား “မိုးသက်လေပြင်းဆိုတာမရှိရင် လှပတဲ့သက်တန့်ဆိုတာလည်း မပေါ်နိုင်ပါဘူး။ ဆိုတာလေ။ မြန်မာစကားပုံမှာလည်း “အနာခံမှ အသာစံရ ဆိုတာ ရှိတယ်လေ။ ဒါတွေဟာ ငါ..အခုလို သွန်းရတနာဖြစ်ဖို့ လုံလောက်တဲ့ ခွန်အားတွေ ရခဲ့တဲ့ အကြောင်းရင်းတွေပဲ။ ငါအခုဆို ဆုံးရှုံးရမှာကို မကြောက်တော့ဘူး ကြယ်စင်ရဲ့”

ဝတ်မှုန်၏ စကားအဆုံးတွင် ကြယ်စင် ရင်ထဲတွင် ပြည့်ပြည့်ကျပ်ကျပ်ကြီး ခံစားလိုက်ရသည်။ ဝတ်မှုန်နှင့် စကားပြောပြီးဖုန်းချသည့်တိုင်  ဝတ်မှုန်ပြောခဲ့သော စကားတွေက နားထဲမှ မထွက်။

(၄)

ခွမ်း……….

စုဗူးကို ဖောက်ပြီး ပိုက်ဆံတွေကို ကြယ်စင် ရေနေလိုက်သည်။ (၃) နှစ်ကျော် စုဆောင်းထားခဲ့တာတွေက စိတ်ကူးယဉ်အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ဖို့ လုံလောက်ကောင်းပါရဲ့။ ကောင်းကင်ကို လှမ်းကြည့်တော့ မှိတ်တုတ် မှိတ်တုတ် ကြယ်တွေအစား လှပသော ရောင်စုံ သက်တန့်ကြီးကို ကြယ်စင် မြင်ယောင်မိသည်။

No comments:

Post a Comment